ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် တစ်ပတ်အတွင်း လူ (၂)သိန်း နီးပါး ဆေးရုံတက်ခဲ့ရ

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် တစ်ပတ်အတွင်း လူ (၂)သိန်း နီးပါး ဆေးရုံတက်ခဲ့ရ
By Mr John

 ထိုင်းနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့်  ဘန်ကောက်မြို့တော် အပါအဝင်  အနီးပတ်ဝန်းကျင် ပြည်နယ်များ၌ ၂၀၂၃ခုနှစ် မတ်လ (၉) ရက်နေ့က  လေထုညစ်ညမ်းမှုကြောင့် ပြင်းထန်သည့် ကျန်းမာရေးအန္တရာယ်များ ဖြစ်စေခဲ့မှုကြောင့် လူ(၂)သိန်းနီးပါး ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။

 ပြီးခဲ့သည့် သီတင်းပတ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် နိုင်ငံတဝန်း လူ (၂၀၀,၀၀၀) နီးပါး ဆေးရုံတက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လေထုညစ်ညမ်းမှုကြောင့် ထိုင်းနိုင်ငံတွင် လူဦးရေ (၁.၃) သန်း နာမကျန်းဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက‌ ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ Kriangkrai Namthaisong က ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နေအိမ်ထဲတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

နေအိမ်ပြင်ပ သွားလာသူများ အနေဖြင့် အရည်အသွေးမြင့် N95 mask များ တပ်သင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ 

မတ်လ (၉) ရက်၏ နံနက်ပိုင်းက ပြည်နယ် (၁၇) ခု၏ နယ်မြေအားလုံးတွင် လေထုညစ်ညမ်းမှု PM2.5 ပမာဏ မြင့်တက်နေခဲ့ကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန Pollution Control Department (PCD) အထွေထွေညွှန်ကြားရေးမှူး Pinsak Surasawadi က ပြောသည်။

လေထုညစ်ညမ်းမှု အခြေအနေနှင့် ပတ်သက်၍ ထိုင်းမြောက်ပိုင်းရှိ နယ်မြေ (၁၇) ခုကို လိမ္မော်ရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီး ကျန်းမာရေးကို စတင်ထိခိုက်စေသည့်အ ဆင့်ဖြစ်ကြောင်းနှင့် နယ်မြေ (၁၅) ခုကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီး ပြင်းထန်သော ကျန်းမာရေးထိခိုက်မှုဖြစ်စေသည့်အဆင့် ဖြစ်သည်။ 

ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် ပြည်နယ်များတွင်လည်း လေထုညစ်ညမ်းမှု အခြေအနေမှာ ကျန်းမာရေးအန္တရာယ် အတန်အသင့်ရှိသည့် အဆင့်ဖြစ်ကြောင်းနှင့် အချို့နေရာများတွင်မူ PM2.5 ပမာဏ အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။



မတ်လ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံတဝန်း လေထုညစ်ညမ်းမှု အခြေအနေဆိုးရွားခဲ့ရာ လူသိများထင်ရှားသည့် ကမ္ဘာလှည့်ခရီးသွားနေရာဖြစ်သော ချင်းမိုင်မြို့၏ လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့အဆိုးဆုံးအဖြစ် ရပ်တည်ခဲ့သည်။ 

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဥ်၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် IQAir က ကမ္ဘာတဝန်း မြို့ (၉၅) မြို့၏ လေထုညစ်ညမ်းမှု PM2.5 အချက်အလက်များကို နှိုင်းယှဥ်၍ အဆင့်သတ်မှတ်ချက်အရ မတ်လ (၉) ရက်နေ့တွင် ချင်းမိုင်၏ လေထုညစ်ညမ်းမှုမှာ ကမ္ဘာတဝန်းတွင် အဆိုးဆုံးဖြစ်ခဲ့ကြောင်း သိရသည်။



Source: Bangkok Post

Photo: Pattarapong Chatpattarasill, Sunthorn Kongvarakhom,