ဘင်္ဂလားဒေ့ရှ်တွင်  ဆိုင်ခန်းပေါင်း ထောင်နှင့်ချီရှိသည့်  ဈေးကြီးတစ်ခု မီးလောင်မှုကြောင့် မီးသတ်သမား (၁၃)ဦး အပါဝင် (၁၉)ဦး ဆေးကုသနေရ

ဘင်္ဂလားဒေ့ရှ်တွင်  ဆိုင်ခန်းပေါင်း ထောင်နှင့်ချီရှိသည့်  ဈေးကြီးတစ်ခု မီးလောင်မှုကြောင့် မီးသတ်သမား (၁၃)ဦး အပါဝင် (၁၉)ဦး ဆေးကုသနေရ
By Mr John

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဆိုင်ခန်းပေါင်း ထောင်နှင့်ချီရှိသည့် ဈေးကြီးတစ်ဈေးတွင်  မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင့် မီးလောင်မှုကြောင့် မီးသတ်သမား (၁၃)ဦး အပါဝင် (၁၉)ဦး ဆေးကုသနေရကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဧပြီလ (၁၅) ရက်နေ့၏ ညနေပါအထိ သတင်းများအရ  ဈေးမီးလောင်မှုကြောင့် မီးသတ်သမား(၁၃)ဦး အပါအဝင် စုစုပေါင်း (၁၉)ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို လက်ရှိတွင် ဒါကာဆေးကောလိပ်ဆေးရုံ (DHMC)၌ ဆေးကုသမှု ပေးထားကြောင်း သိရသည်။ 

ယင်းအပြင် ဈေးအတွင်းရှိ ဆိုင်ခန်းအများစု မဖွင့်ရသေးမီ နံနက်အစောပိုင်းအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းများတွင် လူအရေအတွက် မည်မျှပိတ်မိနိုင်ကြောင်း မသိရသေးဟုလည်း ဆိုသည်။ 

ယခုဖြစ်ရပ်မှာ ဒါကာမြို့တွင် တစ်လအတွင်း ဒုတိယအကြိမ် ဈေးမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခြင်းလည်း ဖြစ်သည်။

ဈေးအတွင်း မီးလောင်မှု လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ရာ မီးငြှိမ်းသတ်ရန် စစ်တပ်အကူအညီခေါ်ခဲ့ရပြီး မီးသတ်ကား (၂၈) စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဌာနအရာရှိ Shahjahan Sikder က ပြောသည်။ 

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း လတ်တ‌လော နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်တွင် လူရာနှင့်ချီ သေဆုံးခဲ့သည့် စက်မှုလုပ်ငန်းနေရာများ မီးလောင်မှုမှာ မီးဘေးကြိုတင်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်း လျော့ရဲမှုနှင့် အရေးယူမှု အားနည်းခြင်းတို့ကြောင့်ဟု ဆိုသည်။

ဒါကာမြို့တွင် ပြီးခဲ့သည့် ဧပြီလ (၄)ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းကလည်း ဆိုင်ခန်းပေါင်း ထောင်နှင့်ချီရှိသော အဝတ်အထည်များ အဓိက ရောင်းချသည့် ဈေးဝင်းတစ်ခုတွင် မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ 

ထိုဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း (၅,၀၀၀) ခန့် မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်သမားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Source: Reuters,News bangla 24

Photo: News bangla 24