ရုရှားတိုက်ခိုက်မှုအတွင်း ယူကရိန်း၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး သေဆုံး

ရုရှားတိုက်ခိုက်မှုအတွင်း ယူကရိန်း၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး သေဆုံး
By Mr John

 ရုရှားက ယူကရိန်းတောင်ပိုင်း Mykolaiv ဆိပ်ကမ်းမြို့ကို ဇူလိုင်လ (၃၀) ရက် ညပိုင်းနှင့် ဇူလိုင်လ (၃၁) ရက် နံနက်အစောပိုင်းတွင် အပြင်းအထန် တိုက်ခိုက်ခဲ့မှုအတွင်း ယူကရိန်း၏ အချမ်းသာဆုံး စီးပွာရေးလုပ်ငန်းရှင်တစ်ဦးနှင့် ၎င်း၏ဇနီးတို့ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောသည်။

သေဆုံးသူ အသက် (၇၄) နှစ်အရွယ် Oleksiy Vadatursky

ရုရှားတိုက်ခိုက်မှုအတွင်း ဂျုံထုတ်လုပ်ရေးနှင့် ပြည်ပပို့ကုန်ကုမ္ပဏီများ ပိုင်ဆိုင်သူ အသက် (၇၄) နှစ်အရွယ် Oleksiy Vadatursky နှင့် ဇနီးဖြစ်သူ Raisa တို့မှာ ၎င်းတို့၏နေအိမ်ကို ဒုံးကျည်ထိမှန်စဥ် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ 

မစ္စတာ Vadatursky က ဂျုံတင်ပို့မှုလုပ်ငန်းများ ပါဝင်သော Nibulon စီးပွားရေးလုပ်ငန်းအုပ်စု၏ ပိုင်ရှင်ဖြစ်ပြီး ၎င်းသည် ယူကရိန်းသူရဲကောင်းဆု "Hero of Ukraine" ကိုလည်း ရရှိထားသည်။

Mykolaiv မြို့တော်ဝန် Oleksandr Senkevych ၏ အဆိုအရ ယခုတိုက်ခိုက်မှုမှာ ရုရှားက ယခုအချိန်အထိ ထိုမြို့ကို အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုအတွင်း ဟိုတယ်တစ်ခု၊ အားကစားရုံတစ်ခု၊ စာသင်ကျောင်း (၂) ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။ 

တိုက်ခိုက်ခံရသည့် Mykolaiv မြို့မှာ ယူကရိန်း၏ အဓိကဆိပ်ကမ်း Odesa သို့ ဆက်သွယ်ထားသည့် အဓိကလမ်းကြောင်းတွင် တည်ရှိနေပြီး အကြိမ်ကြိမ် တိုက်ခိုက်ခံနေရသည်။

ရုရှားဒုံးကျည် (၁၂) စင်းအထိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် အခြား အဆောက်အအုံများကို ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့သူ အနည်းဆုံး (၃) ဦးရှိခဲ့ကြောင်း  မြို့တော်ဝန် Oleksandr Senkevych က ယူကရိန်းရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့သည်။ 

ထိုအတောအတွင်း ဇူလိုင်လ (၃၁) ရက် နံနက်အစောပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များက ပင်လယ်နက်အတွင်း ရုရှားထိန်းချုပ်ထားသည့် Sevastopol မြို့ရှိ ရုရှား၏ ရေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ (၅) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Source: BBC, Reuters

Photo:  REUTERS/Anton Vaganov