ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း Nalgae တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၀၀) ကျော်လာ

ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း Nalgae တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၀၀) ကျော်လာ
နိုဝင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းကို အောက်တိုဘာလ (၂၈) ရက်နေ့တွင် စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း Nalgae ကြောင့် နေရာအနှံ့အပြား ရေကြီးမှုနှင့် မြေပြိုမှုအများအပြား ဖြစ်ပေါ်ခဲ့မှုအတွင်း သေဆုံးသူအရေအတွက် (၁၁၀) အထိ မြင့်တက်လာပြီး လူ (၃၃) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက နိုဝင်ဘာလ (၁) ရက်နေ့က  ပြောသည်။



ယခုအခါ Nalgae မုန်တိုင်းက တရုတ်နိုင်ငံ တောင်ပိုင်းကို ဦးတည်နေခဲ့ကြောင်းလည်း သိရသည်။ 

ထိုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အမေရိကန်ဒေါ်လာ (၂၂) သန်း တန်ဖိုးရှိ လယ်ယာစိုက်ပျိုးရေးထွတ်ကုန်များနှင့် ဒေါ်လာ (၁၃) သန်း တန်းဖိုးရှိ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရအချက်အလက်များက ဖော်ပြသည်။ 

Nalgae မုန်တိုင်းက ဖိလစ်ပိုင်မှ မထွက်မီ မနီလာမြို့တော်တွင်လည်း ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။

Nalgae မှာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့သည့် မုန်တိုင်းများအနက် ဧပြီလအတွင်း လူ (၂၁၄) ဦး သေဆုံးခဲ့သည့် အပူပိုင်းမုန်တိုင်း Megi ပြီးနောက် ပျက်စီးမှုအဖြစ်ဆုံး ဒုတိယမုန်တိုင်းလည်း ဖြစ်သည်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်ဂျူနီယာမားကို့စ်က နိုင်ငံတောင်ပိုင်းရှိ Nalgae မုန်တိုင်းဒဏ်သင့် Maguindanao ပြည်နယ်သို့ နိုဝင်ဘာလ (၁) ရက်နေ့တွင် ‌ဝေဟင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

သမ္မတမားကို့စ်က မုန်တိုင်းဒဏ်သင့် နေရာများတွင် ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုမြန်ဆန်စွာ ဖြန့်ဝေပေးရန်နှင့် ယခုနှစ်မကုန်မီ ဝင်ရောက်နိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသော အပူပိုင်းမုန်တိုင်း (၄) ခုအတွက် ပိုမိုကောင်းမွန်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

ဖိလစ်ပိုင်တွင် Nalgae မုန်တိုင်းကြောင့် သေဆုံးမှု အများစုမှာ နိုင်ငံတောင်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Bangsamoro နယ်မြေတွင် ဖြစ်သည်။ 

ထိုနယ်မြေတွင် သစ်တောပြုန်းတီးနေသည့် နေရာများတွင် မိုးရွာသွန်းရာမှ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးခဲ့သည်။ 

ကျွန်းပေါင်း (၇၆,၀၀၀) ကျော်ရှိသည့် ဖိလစ်ပိုင်ကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မုန်တိုင်းအရေအတွက် (၂၀) ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး Nalgae မှာ ယခုနှစ်အတွက် (၁၄) ခုမြောက် မုန်တိုင်းဖြစ်သည်။

မုန်တိုင်းများကြောင့် ဖိလစ်ပိုင်တွင် နှစ်စဥ် လူနှင့်မွေးမြူရေးတိရိစ္ဆာန်များ သေဆုံးမှုနှင့် လယ်ယာမြေများ၊ လမ်းများနှင့် တံတားများ ပျက်စိးမှုတို့ ကြုံကြရသည်။ 

ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးပူနွေးလာရာမှ မုန်တိုင်းများ ဖြစ်ပွားမှုအကြိမ်ရေ ပိုများလာပြီး ပိုမိုအားကောင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

Source: Reuters

Photo: AFP, REUTERS/Eloisa Lopez, Philippine Coast Guard/Handout, Reuters