မလေးရှားဝန်ကြီးချုပ်ဟောင်း ယာစင် ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အဂတိလိုက်စားမှုဖြင့် စွဲချက်တင်မည်

မလေးရှားဝန်ကြီးချုပ်ဟောင်း ယာစင် ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အဂတိလိုက်စားမှုဖြင့် စွဲချက်တင်မည်
By Mr John

မလေးရှားဝန်ကြီးချုပ်ဟောင်း မူဟီဒင်ယာစင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယနေ့ မတ်လ (၁၀) ရက်နေ့တွင် အဂတိလိုက်စားမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ၂၀၂၃ခုနှစ် မတ်လ (၉) ရက်နေ့ ၏ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

ဝန်ကြီးချုပ်ဟောင်း ယာစင်ကို ၎င်း၏အစိုးရက အကောင်အထည်ဖော်ခဲ့သည့် စီးပွားရေး ပြည်လည်ထူထောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဆင့်ခေါ်မေးမြန်းခဲ့ပြီးနောက် ဖမ်းဆီးလိုက်ကြောင်း မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Malaysian Anti-Corruption Commission (MACC) က ထုတ်ပြန်ခဲ့သည်။

အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ခံရမည့် ယာစင်မှာ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း မလေးရှားဝန်ကြီးချုပ်အဖြစ် (၁၇) လကြာ တာဝန်ယူခဲ့သူဖြစ်ပြီး မေးမြန်းမှုအတွက် MACC ရုံးသို့ မတ်လ (၉) ရက် နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

၎င်းကို အာဏာအလွဲသုံးစားလုပ်မှုနှင့် ငွေကြေးခဝါချမှုတို့နှင့် ဆက်နွယ်နေသည့် ဥပဒေများအရ စွဲချက်တင်သွားမည်ဟု ဆိုသည်။

အကြိတ်အနယ် ယှဥ်ပြိုင်မှုရှိခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မလေးရှားရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်းယာစင်နှင့် ၎င်း၏ပါတီမှာ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေခဲ့ရသည်။ 

ဝန်ကြီးချုပ်ဟောင်းယာစင် ခွင့်ပြုပေးခဲ့သော COVID-19 ကယ်ဆယ်ရေးအစီအစဥ်များ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် အစိုးရစီမံကိန်းများကို ပြန်လည်သုံးသပ်ရန် လက်ရှိဝန်ကြီးချုပ်အန်ဝါက ၂၀၂၂ ခုနှစ်အတွင်း ညွှန်ကြားထားခဲ့သည်။

ထိုစီမံကိန်းများတွင် သင့်လျော်သည့် လုပ်ထုံလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိဟု စွပ်စွဲထားသည်။ 

ယာစင်ကမူ ၎င်းအပေါ် စွပ်စွဲချက်များကို ယခင်က ငြင်းဆိုထားခဲ့ပြီး နိုင်ငံရေးအငြိုးအတေးလုပ်ရပ်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

ယာစင် ပါဝင်နေသည့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ်အန်ဝါက မတ်လ (၉) ရက်နေ့တွင် ပြောကြားကြောင်း မလေးရှားအစိုးရသတင်းဌာန Bernama က ဖော်ပြသည်။

MACC က ဝန်ကြီးချုပ်ဟောင်းယာစင်၏ ပါတီမှ ခေါင်းဆောင် (၂) ဦးကို ၎င်း၏အစိုးရက အကောင်အထည်ဖော်ခဲ့သည့် စီးပွားရေး ပြည်လည်ထူထောင်ရေးစီမံကိန်းတစ်ခုတွင် လာဘ်ယူခဲ့မှုဖြင့် စွဲချက်တင်ထားသည်။ 

MACC က ထိုစီမံကိန်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းယာစင်ကို ပြီးခဲ့သည့်လအတွင်း မေးမြန်းခဲ့ပြီး ၎င်း၏ပါတီပိုင် ဘဏ်အကောင့်များကို ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပသွားမည့် ပြည်နယ် (၆) ခု၏ ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ ဝန်ကြီးချုပ်ဟောင်းယာစင်ကို ဖမ်းဆီးပြီး အဂတိမှုဖြင့် စွဲချက်တင်မှုရှိလာခြင်း ဖြစ်သည်။ 

ထိုရွေးကောက်ပွဲများတွင် ယာစင်၏ ညွှန့်ပေါင်းအုပ်စုက လက်ရှိဝန်ကြီးချုပ် အန်ဝါ၏ မဟာမိတ်အုပ်စုအတွက် အဓိက စိန်ခေါ်မှုဖြစ်မည်ဟု ခန့်မှန်းထားကြသည်။

Source: Reuters