Miss Universe ပိုင်ရှင်  အကြွေးပြဿနာများနှင့် ရင်ဆိုင်နေရ

Miss Universe ပိုင်ရှင်  အကြွေးပြဿနာများနှင့် ရင်ဆိုင်နေရ
စက်တင်ဘာ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ စီစဥ်ကျင်းပသည့် Miss Universe Organization ၏ ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံမှ ထင်ရှားကျော်ကြားသည့် မီဒီယာလုပ်ငန်းရှင်နှင့် လိင်ပြောင်းထားသော အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်က သူမ၏ ကုမ္ပဏီအနေဖြင့် စုစုပေါင်း ဘတ် (၃.၃၆) ဘီလီယံရှိ ကြွေးမြီ (၇) ခု၏ ပထမတစ်ခုဖြစ်သော ဘတ် (၆၀၉) သန်းကို ရက်ချိန်းအတိုင်း အပြည့်အဝ ပေးဆပ်နိုင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်နေ့က ထုတ်ဖော်ပြကြားထားသည်။



နာမည်ကြီး ထိုင်းမီဒီယာလုပ်ငန်းရှင် Jakkaphong “Anne” Jakrajutatip က ထိုသို့ ထုတ်ဖော်ပြောခဲ့ပြီးနောက် သူမ၏ JKN Global Group Plc (JKN) ၏ ရှယ်ယာဈေး ထိုးကျသွားခဲ့သည်။ 

ကုမ္ပဏီအနေဖြင့် အကြွေး ဘတ် (၁၅၆.၆) သန်း  [ငွေရင်း ဘတ် (၁၄၆.၆၂) သန်းနှင့် အတိုး ဘတ် (၉.၉၈) သန်း] ကို စက်တင်ဘာလ၏ ပထမပတ်အတွင်း   ပေးဆပ်သွားမည်ဟု ထိုင်းစတော့အိတ်ချိန်း Stock Exchange of Thailand ကို ပြောခဲ့သည်။

ထိုငွေပမာဏမှာ ကြွေးမြီ (၇) ခုအနက်မှ ပထမတစ်ခု၏ (၂၆) ရာခိုင်နှုန်းဖြစ်ပြီး ဘတ် (၄၄၃.၄) သန်း အကြွေးကျန်ရှိနေမည်ဟု ဆိုသည်။ 

အကြွေးပြဿနာကို ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jakkaphong က ထုတ်ဖော်ပြောခဲ့ပြီးနောက် JKN ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ သိသာစွာ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။

Jakkaphong ၏ အဆိုအရ အကြွေးပေးဆပ်ရာတွင် နှောင့်နှေးမှုအတွက် သဘောတူညီချက်ရရှိရန် လာမည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့၌ အကြွေးရှင်များနှင့် တွေ့ဆုံညှိနှိုင်းသွားမည်ဟု သိရသည်။

 Thai Bond Market Association (ThaiBMA) ၏ မှတ်တမ်းများအရ JKN ကုမ္ပဏီမှာ နောက်ထပ် ကြွေးမြီ (၆) ခုကိုလည်း ၂၀၂၃ ခုနှစ်အတွင်း ပြန်ပေးဆပ်ရမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလ (၁၁) ရက်၊ အောက်တိုဘာလ (၂၀) ရက်၊ နိုဝင်ဘာလ (၁၀) ရက်၊ (၁၃) ရက်၊ (၁၅) ရက်နှင့် (၂၄) ရက်တို့တွင် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုကြွေးမြီ (၆) ခုမှာ ဘတ် သန်း (၃၀၀)၊ ဘတ် (၅၇၈.၆) သန်း၊ ဘတ် သန်း (၄၀၀)၊ ဘတ် သန်း (၈၀၀)၊ ဘတ် (၅၂၅) သန်းနှင့် ဘတ် (၁၅၆.၆) သန်းတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ကြွေးမြီချထားမှု သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ 

၂၀၂၂ ခုနှစ်အတွင်း Miss Universe Organization ကို ဝယ်ယူပြီးနောက် Jakkaphong ၏ JKN ကုမ္ပဏီက ပထမဆုံး စီစဥ်သည့် Miss Universe အလှမယ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့၌ အယ်လ်ဆာဗေဒိုနိုင်ငံတွင် ကျင်းပသွားရန် စီစဥ်ထားသည်။

 

Source: Bangkok Post