အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာစစ်အုပ်စု၏ ဝန်ကြီး တက်ခွင့်မရ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာစစ်အုပ်စု၏ ဝန်ကြီး တက်ခွင့်မရ
By Mr John

(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်အုပ်စုကို ကိုယ်စားပြုသည့် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရမည် မဟုတ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဌ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ်လ (၁) ရက်နေ့တွင် ပြောသည်။ 

အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့က မြန်မာစစ်အုပ်စုကို ယမန်နှစ် နှောင်းပိုင်းကတည်းက အစည်းအဝေးများ တက်ရောက်ခွင့်မပြုဘဲ ချန်လှပ်ထားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူညီထားခဲ့သည့် မြန်မာအကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင်း ထိုသို့ အစည်းအဝေး တက်ရောက်ခွင့်မပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဘုံသဘောတူညီချက်များအနက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူများကြား တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်သည်။

 စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက်များကို လိုက်နာအကောင်အထည်ဖော်ခြင်း မရှိသည့်အပြင် ဇူလိုင်လကုန်ပိုင်းတွင် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၂) ဦးတို့ကို သေဒဏ်စီရင်ကွပ်မျက်ခဲ့ရာ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

စစ်အုပ်စုခေါင်းဆောင်ကတော့ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် COVID-19 ကပ်ရောဂါကြောင့်အာဆီယံ ဘုံသဘောတူညီချက်များကို အကောင်အထည်မဖော်နိုင်ခဲ့ဟု ဩဂုတ်လ (၁) ရက်နေ့က စစ်အာဏာသိမ်းမှု (၁၈) လကာလ မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ 

ယခုနှစ်အတွင်း အာဆီယံ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်သွားမည်ဟု ၎င်းကဆိုသည်။

ထိုအတောအတွင်း မလေးရှားနိုင်ငံက ယခုသီတင်းပတ်တွင် ပြုလုပ်သွားမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်အုပ်စုကို ပိုမိုပြင်းထန်သည့် အရေးယူမှုလုပ်ရန် တိုက်တွန်းသွားမည်ဟု သိရသည်။ 

စစ်အုပ်စုက အကျပ်အတည်းဖြေရှင်းရေး အားထုတ်မှုများကို အဟန့်အတားဖြစ်စေမှုအပေါ် မလေးရှာက ဒေါသထွက်နေသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာစစ်အုပ်စု၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုလုပ်ရပ်အပေါ် ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ဇူလိုင်လ (၂၆) ရက်နေ့က ပြောဆိုခဲ့သည်။ 

"သေဒဏ်စီရင်မှုတွေက စစ်အုပ်စုအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို မထီမဲ့မြင်ခြင်းပြုခြင်းလားဆိုတာ ကျွန်တော်တို့ စဥ်းစားခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို အမှန်တကယ်ပဲ အလွန်အလေးအနက်ထား စဥ်းစားဆွေးနွေးရမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟု သိရသည်။

Source: Reuters, AFP