တူရကီနိုင်ငံအတွင်း အစ္စတန်ဘူလ်မြို့လယ် ပေါက်ကွဲမှုတွင် လူအနည်းဆုံး (၆)ဦး သေဆုံး

တူရကီနိုင်ငံအတွင်း အစ္စတန်ဘူလ်မြို့လယ် ပေါက်ကွဲမှုတွင် လူအနည်းဆုံး (၆)ဦး သေဆုံး
နိုဝင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ရှိ လူအသွားအလာ များပြားစည်းကားသည့် နေရာတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၆) ဦး သေဆုံးပြီး (၈၁) ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့လယ်ရှိ ဈေးဝယ်များ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် မိသားစုများဖြင့် စည်းကားနေလေ့ရှိသည့် Taksim ရင်ပြင်ဧရိယာ Istiklal လမ်းမတွင် နိုဝင်ဘာလ (၁၃) ရက်နေ့၏ ဒေသစံတော်ချိန် ညနေ (၄)နာရီ (၂၀) မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့တော်ဝန် Ali Yerlikaya က ပြောသည်။

ပေါက်ကွဲမှုမှာ အမျိုးသမီးတစ်ဦးက လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ယူဆရကြောင်း တူရကီ ဒုတိယသမ္မတ Fuat Oktay က ပြောသည်။ 

သမ္မတ Tayyip Erdogan ကလည်း ယခုပေါက်ကွဲမှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်းနှင့် ကျူးလွန်သူများကို ဖော်ထုတ်အပြစ်ပေးမည်ဟု ကနဦး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

Reuters သတင်းဌာနက ရရှိခဲ့သည့် ဗီဒီယိုမှတ်တမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် အခိုက်အတန့်ကို မြင်တွေ့ရပြီး အမှိုက်များ‌ လေထဲသို့ လွင့်ထွက်ကာ လူအများအပြား မြေပေါ်တွင် လဲကျနေစဥ် အခြားလူများမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးနေကြသည်။ 

ယခု ပေါက်ကွဲမှုဖြစ်ပွားသည့် Istiklal လမ်းမမှာ အစ္စတန်ဘူလ်မြို့၏ အဓိက လမ်းမကြီးများအနက်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့်ဈေးဝယ်သူများဖြင့် စည်းကားနေလေ့ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်ကလည်း ထိုလမ်းမကို ပစ်မှတ်ထားသည့် အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ဖူးပြီး အနည်းဆုံး လူ (၅) ဦး

သေဆုံးကာ (၃၆) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: BBC

Photo: AP Photo/Can Ozer, courtesy Twitter, Reuters,