မြောက်ကိုရီးယားက အောက်တိုဘာ နှင့် နိုဝင်ဘာလအတွင်း နျူးကလီးယား စမ်းသပ်နိုင်ဟု တောင်ကိုရီးယားပြော

မြောက်ကိုရီးယားက အောက်တိုဘာ နှင့် နိုဝင်ဘာလအတွင်း နျူးကလီးယား စမ်းသပ်နိုင်ဟု တောင်ကိုရီးယားပြော
စက်တင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်နှင့် နိုဝင်ဘာလ (၇) ရက်အတွင်း စမ်းသပ်မှုလုပ်ဆောင်နိုင်သည်ဟု တောင်ကိုရီးယားလွှတ်တော်အမတ်များကို ၎င်း၏ထောက်လှမ်းရေးဌာနက စက်တင်ဘာလ (၂၈) ရက်တွင် ပြောခဲ့သည်။ 

မြောက်ကိုရီးယားက ပြုလုပ်လာနိုင်ခြေရှိသည့် နျူကလီးယားစမ်းသပ်မှုမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ Punggye-ri စမ်းသပ်နေရာတွင် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးသွားပြီဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန National Intelligence Service (NIS) က ရှင်းလင်းတင်ပြမှုအပြီး လွှတ်တော်အမတ် (၂) ဦးက သတင်းထောက်များကို ပြောသည်။ 

ထိုနေရာတွင် မြောက်ကိုရီးယားက ၂၀၀၆ ခုနှစ်မှ ယခုအချိန်အထိ မြေအောက် နျူကလီးယားစမ်းသပ်မှု (၆) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နျူကလီးယားစမ်းသပ်မှုအချိန်မှာ မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံတွင် ပြုလုပ်သွားမည့် ကွန်မြူနစ်ပါတီ ညီလာခံနှင့် အမေရိကန်နိုင်ငံတွင် ကျင်းပသွားမည့် ရွေးကောက်ပွဲများ (midterm elections) ကဲ့သို့ ဖြစ်ရပ်များက အဆုံးအဖြတ်ပေးနိုင်သည်ဟု ဆိုသည်။ 

ထို့အတူ မြောက်ကိုရီးယားက COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းရှိ မရှိအပေါ်တွင်လည်း မူတည်လိမ့်မည်ဟုလည်း တောင်ကိုရီးယားထောက်လှမ်းရေးများက ပြောသည်။

"သူတို့အနေနဲ့ ဖြစ်နိုင်ခြေကို မတွက်ချက်နိုင်ပေမဲ့ မြောက်ကိုရီးယားက နိုင်ငံတကာဆက်ဆံရေးနဲ့ သူ့ရဲ့ COVID-19 အခြေအနေအပေါ် အခြေခံပြီး နျူးကလီးယားစမ်းသပ်မှုလုပ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မယ်လို့ NIS က ပြောပါတယ်" ဟု တောင်ကိုရီးယားလွှတ်တော်အမတ် Youn Kun-young က ဆိုသည်။

 မြောက်ကိုရီးယားက နိုင်ငံတွင် COVDI-19 ပြီးသွားပြီးဟု အစောပိုင်း ပြောဆိုချက်မှာ ယုံကြည်နိုင်စရာ မဟုတ်ဟု NIS က ယူဆထားကြောင်း၊ လက်ရှိ ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးပေးနေသည့် တရုတ်နယ်စပ်အနီး နေရာများကို lockdown အကြိမ်ကြိမ်လုပ်ပြီး ပြန်ဖွင့်ခဲ့မှုကဲ့သို့ မတည်မငြိမ် အခြေအနေတို့ကြောင့်ဖြစ်ကြောင်း အခြား လွှတ်တော်အမတ် Yoo Sang-bum က ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က COVID-19 ကို အောင်နိုင်ခဲ့ပြီဖြစ်ပြီး ကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီဟု ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

 နိုင်ငံတွင် လူဦးရေမည်မျှ ကူးစက်ခံရကြောင်း အတည်ပြုထုတ်ပြန်ခြင်း မရှိသလို လူအမြောက်အမြားကို ကျယ်ကျယ်ပြန့်ပြန့် ဗိုင်းရပ်စ်စစ်ဆေးမှု မရှိခဲ့သော်လည်း ကင်မ်ဂျုံအန်က COVID-19 ဖြစ်ပွားမှု ပြီးသွားပြီဟု ပြောခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းတွင်မူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးမှုများကို နိုဝင်ဘာအတွင်း စတင်နိုင်ကြောင်း ပြောခဲ့ပြီး ယခင် ကူးစက်ခံရသူများထံတွင် ကူးစက်မှုကိုကာကွယ်နိုင်သော ဗိုင်းရပ်စ်ပဋိပစ္စည်းရရှိထားမှုမှာ အောက်တိုဘာလဝန်းကျင်တွင် ကျဆင်းသွားမည်ဖြစ်ရာ ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာနိုင်မှုကို သတိပေးခဲ့သည်။

သီးခြားသတင်းတစ်ရပ်အရ အမေရိကန်ဒုသမ္မတ ကမ်မလာဟာရစ် ဆိုးလ်မြို့သို့ ရောက်ရှိလာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၂) စင်းကို ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်နေရာသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။ 

မြောက်ကိုရီးယားက စက်တင်ဘာလ (၂၅) ရက်နေ့တွင်လည်း ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့သေးကြောင်း သိရသည်။

Source: Reuters