မြန်မာ - ထိုင်းနယ်စပ် တောမီးရှို့မှုများကြောင့် တာချီလိတ်မြို့တွင် မီးခိုးမြူများ စတင်လာနေပြီး လေထုအရည်အသွေးမှာ ခရမ်းရောင်အဆင့် ရှိနေ

မြန်မာ - ထိုင်းနယ်စပ် တောမီးရှို့မှုများကြောင့် တာချီလိတ်မြို့တွင် မီးခိုးမြူများ စတင်လာနေပြီး လေထုအရည်အသွေးမှာ ခရမ်းရောင်အဆင့် ရှိနေ
မတ် 9, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးမြူများမှာ မသိမသာ စတင်လာပြီဖြစ်ရာ တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၂၄)နာရီအတွင်း လေထုအရည်အသွေး တိုင်းတာချက်အရ ခရမ်းရောင်အဆင့် ပြထားသည်ကို တွေ့ရသည်။

တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မတ်လ(၈)ရက်နေ့ကနေ မတ်လ(၉)ရက်နေ့နံနက်အထိ (၂၄)နာရီအတွင်း တိုင်းတာရရှိချက်ကို ထုတ်ပြန်ထားရာတွင် PM2.5 AQI ( Air Quality Index ) အဆင့်မှာ ၂၀၂ ရှိနေ၍  ခရမ်းရောင်အဆင့်ပြထားခြင်း ဖြစ်သည်။

နှစ်စဉ် မတ်လရောက်တိုင်း တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မီးခိုးမြူများ၏ ဒဏ်ကို ခံစားလာနေရသည်ဖြစ်ရာ ယခုနှစ်တွင်လည်း မီးခိုးမြူများ၏ ဒဏ်ကို မသိမသာ စတင်ခံစားနေရ၍" ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြပါရန် အကြံပြုပါသည်"ဟု တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့ မတ်လ(၉)ရက်နေ့ နံနက် (၁၀)နာရီ (၁၆)မိနစ်အချိန်က အသိပေးထုတ်ပြန်ထားသည်။

တာချီလိတ်မြို့တွင် ယနေ့၌ မီးခိုးမြူများမှာ သိသိသာသာများလာသည့်အတွက် သွားလာသူများ Mask တပ်ဆင်ထားသည်များရှိသည်ဟု သိရသည်။

"မီးခိုးမြူတွေက ဒီနေ့ ပိုများလာတယ်။ တချို့တော့ အသက်ရှုရ နည်းနည်းခက်နိုင်တယ်။ တချို့တော့ Mask မတပ်ထားဘူး။ လူတော်တော်များများကတော့ Mask တပ်ထားတာတော့ တွေ့ရတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ မတ်လ(၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်စဉ် တော်မီးခိုးမြူများ ဖုံးလွှမ်းမှုဖြစ်ပွားလေ့ရှိပြီး တောမီးရှို့မှုများကို မတားဆီးနိုင်သော်လည်း မြို့တွင်း၌ ရေငွေ့ပက်ဖျန်းမှုများ လုပ်ဆောင်ပြီး လေထုညစ်ညမ်းမှုကို ခုခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။



ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း မြန်မာအပါအဝင် နိုင်ငံများတွင် သစ်တောများနှင့် လယ်ယာမြေများ၌ ရှင်းလင်းမီးရှို့မှုများကြောင့် မီးခိုးမြူမှုန်များ ထူထပ်နေခြင်းဖြစ်ပြီး နယ်စပ်၏ နှစ်ဘက်လုံးတွင် မီးရှို့ထားသည့်နေရာ (၂,၅၀၀) ကျော်ကို ထိုင်းအစိုးရက တွေ့ရှိထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘုတ်အဖွဲ့က တောမီးလောင်မှုများကို တတ်နိုင်သမျှ အမြန်ဆုံးထိန်းချုပ်ရန် စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၃ခုနှစ်၏ မတ်လ (၁၅) ရက်နေ့တွင် အစည်းအဝေး ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Jatuporn Buruspat က ပြောကြားထားသည်လည်း ရှိသည်။

 Suomi NPP ဂြိုဟ်တုဓာတ်ပုံများအရ မတ်လ (၄) ရက် တစ်ရက်တည်း၌ မြန်မာနိုင်ငံတွင် မီးလောင်နေသည့်နေရာ (၆,၇၁၀)၊ ထိုင်းနိုင်ငံတွင် (၂,၅၈၃) နေရာ၊ ကမ္ဘောဒီးယားတွင် (၂,၁၂၅) နေရာ၊ လာအိုတွင် (၁,၄၃၄) နေရာ၊ ဗီယက်နမ်တွင် (၁၄၇) နေရာနှင့် မလေးရှားတွင် (၂) နေရာ တွေ့ရှိရကြောင်း Geo-Informatics and Space Technology Deelopment Agency (GISTDA) က ထုတ်ပြန်သည်။

 

 

Ko Zaung is the editor-in-chief of Tachileik News Agency.