တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၀)ရက်နေ့၏ တစ်နေ့တာအတွင်း နေရာပေါင်း (၄)နေရာမှ Covid-19 ပိုးတွေ့သူ (၁၉)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၀)ရက်နေ့၏ တစ်နေ့တာအတွင်း နေရာပေါင်း (၄)နေရာမှ Covid-19 ပိုးတွေ့သူ (၁၉)ဦး ထပ်တိုးတွေ့ရှိ
ဇူလိုင် 10, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်းကာလအတွင်း ကူးစက်ခံထားရသူ နေ့စဉ်တွေ့ရှိနေရသည့် တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၁၀)ရက်နေ့ ည(၆)နာရီအထိ တစ်နေ့တာအတွင်း၌ နေရာပေါင်း (၄)နေရာမှ အတည်ပြုလူနာ(၁၉)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် (၁၉)ဦးတွင် 1G1 ဟိုတယ်မှ မြန်မာနိုင်ငံသား (၄)ဦး၊ ရွှေရည်မြင့်မိုဟိုတယ်မှ ထိုင်းနိုင်ငံသား (၃)ဦး နှင့် မြန်မာနိုင်ငံသား(၁)ဦး၊ တရုတ်နိုင်ငံသားများ အများဆုံးသီးသန့်နေထိုင်သည့် ဟုန်ပန်းဝင်းအတွင်းမှ တရုတ်နိုင်ငံသား (၉)ဦး နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှ မြန်မာနိုင်ငံသား (၂)ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဒီနေ့ တွေ့ရတဲ့ (၁၉)ဦးထဲက (၆)ဦးကို မိုးကုတ်ရိပ်သာမှာ ပို့ထားတယ်။ ကျန်တဲ့ (၁၃)ဦးကိုတော့ သူတို့ကို အသွားအလာကန့်သတ်ထားတဲ့ 1G1 နဲ့ ဟုန်ပန်းမှာပဲ ထား ထားတယ်၊ ကျွန်တော်တို့ တာချီလိတ်မှာ အတည်ပြုလူနာများလာရင် လုံလုံလောက်လောက် ထားနိုင်အောင် လူနာ တစ်ထောင်ကျော်အထိ ထားနိုင်အောင်ပါ နေရာတွေ စီစဉ်ထားသလို၊ အရေးပေါ်အတွက်လည်း  အောက်စီဂျင်တွေ စီစဉ်ထားပါတယ်။

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့ Covid-19 ကူးစက်ခံရသည့် (၁၉)ဦးတွင် အမျိုးသား (၁၃)ဦး နှင့် အမျိုးသမီး (၆)ဦးတို့ ပါဝင်ပြီး ၎င်းတို့သည် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိ၍ အသွားအလာ ကန့်သတ်ထားရာမှာ RDT Test Kit ဖြင့် ထပ်မံစစ်ဆေးရာ ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။