ဗုံးခြိမ်းခြောက်မှုကြောင့် ဂျပန်ခရီးသည်တင် လေယာဥ်တစ်စီး အရေးပေါ်  ဆင်းသက်ခဲ့ရ

ဗုံးခြိမ်းခြောက်မှုကြောင့် ဂျပန်ခရီးသည်တင် လေယာဥ်တစ်စီး အရေးပေါ်  ဆင်းသက်ခဲ့ရ
ဇန်နဝါရီ 7, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဂျပန်နိုင်ငံတွင် တန်ဖိုးနည်းလေကြောင်းလိုင်း Jetstar Japan ၏ ခရီးသည်တင် လေယာဥ်တစ်စီးပေါ်တွင် ဗုံးထောင်ထားကြောင်း ဖုန်းခေါ်ဆို ခြိမ်းခြောက်မှုကြောင့် လေယာဥ်ကို နိုင်ငံ အလယ်ပိုင်း၌ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် အရေးပေါ် ဆင်းသက်စေခဲ့ကြောင်း ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြသည်။

 

ဂျပန် Narita လေဆိပ်က ဒေသစံတော်ချိန် ဇန်နဝါရီလ (၇) ရက် နံနက် (၆) နာရီ (၂၀) မိနစ်တွင် အမျိုးသားတစ်ဦး၏  ဂျာမနီနိုင်ငံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး ထိုအမျိုးသားက Jetstar Japan ခရီးသည်တင် လေယာဥ်ပေါ်တွင် ဗုံးထောင်ထားခဲ့ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ပြောသည်ဟု NHK က ရဲသတင်းရင်းမြစ်ကို ကိုးကား၍ သတင်းရေးသားထားသည်။

ထို့နောက် Narita လေဆိပ်မှ ဂျပန်အနောက်တောင်ပိုင်း Fukuoka မြို့သို့ ပြည်တွင်းခရီးစဥ်အဖြစ် ထွက်ခွာပျံသန်းသွားသည့် လေယာဥ်ကို လမ်းကြောင်းပြောင်းပြီး Chubu လေဆိပ်သို့ အရေးပေါ် ဆင်းသက်စေခဲ့ကြောင်း Chubu လေဆိပ် ပြောခွင့်ရပုဂ္ဂိုလ်က CNN သတင်းဌာနကို ပြောသည်။ 

လေယာဥ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၁၃၆) ဦးနှင့် လေယာဥ်အမှုထမ်း (၆) ဦးကို Chubu လေဆိပ်တွင် လေယာဥ်ပေါ်မှ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း NHK က ဖော်ပြသည်။

လေယာဥ်ပေါ်မှ အရေးပေါ်ထွက်ခွာစဥ်အတွင်း အနည်းဆုံး လူ (၅) ဦး အသေးစား ဒဏ်ရာရခဲ့ကြောင်း NHK က ပြောသည်။ 

ခရီးသည်များကို လေယာဥ်ပေါ်မှ အရေးပေါ် ရွှေ့ပြောင်းမှုအား NHK က ထုတ်လွှင့်ခဲ့သည်။ 

ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဓာတ်ပုံများအရ Jetstar Japan လေကြောင်းလိုင်း၏ Airbus A320 လေယာဥ်ကို အရေးပေါ် လျှောဆင်းရသည့် လေထိုးလျှောများချထားပြီး လေယာဥ်ပတ်လည်တွင် ခရီးသည်များကို တွေ့ရသည်။

NHK သတင်း၏ ဖော်ပြမှုအရ ဖုန်းခေါ်ဆို ခြိမ်းခြောက်သူက လေယာဥ်၏ ကုန်ပစ္စည်းများထားရှိရာ အခန်းတွင် ပေါင် (၂၂၀) (၁၀၀ ကီလိုဂရမ်) ရှိ ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းများ ထားရှိခဲ့ကြောင်းနှင့် မန်နေဂျာနှင့် စကားပြောလိုကြောင်း တောင်းဆိုခဲ့ပြီး ပြောခွင့်မရပါက ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

လေယာဥ်ကို အရေးပေါ် ဆင်းသက်စေခဲ့ပြီးနောက် တက်ရောက်ရှာဖွေမှုအရ ဖောက်ခွဲရေးပစ္စည်း မတွေ့ခဲ့ရကြောင်း NHK က ပြောသည်။ 

ဗုံးခြိမ်းခြောက်မှုကြောင့် လေယာဥ် အရေးပေါ်ဆင်းသက်ခဲ့သည့် Chubu လေဆိပ်တွင် (၄) နာရီကြာ ဝန်ဆောင်မှုရပ်ဆိုင်းထားခဲ့ပြီးနောက် လေယာဥ်ခရီးစဥ်များ ပြန်လည်စတင်ခဲ့သည်ဟု လေဆိပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Jetstar Japan မှာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အခြေစိုက် Jetstar လေကြောင်းလိုင်းအောက်မှဖြစ်ပြီး အာရှပစိဖိတ်ဒေသတွင်း ခရီးသည်များအတွက် တန်ဖိုးနည်း လေကြောင်းခရီးစဥ်များ ပျံသန်းလျက်ရှိသည်။

 Jetstar Japan လေကြောင်းလိုင်းကို ဂျပန်နိုင်ငံမှ Japan Airlines နှင့် ဩစတြေးလျနိုင်ငံမှ Qantas Group တို့က ပူးတွဲပိုင်ဆိုင်ကြောင်း သိရသည်။ 

ထိုလေကြောင်းလိုင်းက ဂျပန်ပြည်တွင်းခရီးဥ် (၁၆) ခုနှင့် နိုင်ငံတကာလေကြောင်းခရီးစဥ် (၁) ခု ပျံသန်းလျက်ရှိသည်။

Soruce: CNN, Japan Times

Photo: Kyodo News