ထိုင်ဝမ်အရှေ့တောင်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်ကြီးလှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျ

ထိုင်ဝမ်အရှေ့တောင်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်ကြီးလှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျ
စက်တင်ဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်ဝမ်အရှေ့တောင်ပိုင်း လူနေထူထပ်သည့် နေရာဒေသတွင် စက်တင်ဘာလ (၁၈) ရက်နေ့က ရစ်ချ်တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ရထားတွဲများ လမ်းချော်ခဲ့ပြီး စတိုးဆိုင်တစ်ဆိုင် အပါအဝင် အဆောက်အအုံများ ပြိုကျခဲ့ကြောင်းနှင့် တောင်ပေါ်လမ်းများတွင် လူများ ရာနှင့်ချီ ပိတ်မိခဲ့ကြကြောင်း ထိုင်ဝမ်မိုးလေဝသဌာနက သတင်းထုတ်ပြန်သည်။

ထိုင်ဝမ်မိုးလေဝသ၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်မှာ Taitung ကောင်တီတွင်ဖြစ်ပြီး အဆိုပါနေရာ၌ပင် စက်တင်ဘာလ (၁၇) ရက် ညပိုင်းက ရစ်ချ်တာစကေး (၆.၄) အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း သိရပြီး ထိုငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။ 

အမေရိကန်အခြေစိုက် U.S. Geological Survey ကမူ ထိုင်ဝမ်တွင် စက်တင်ဘာလ (၁၈) ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်မှာ ရစ်ချ်တာစကေး (၇.၂) ရှိကြောင်းနှင့် မြေအောက်အနက် (၆) မိုင်တွင် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ထိုင်ဝမ်မီးသတ်ဌာန၏ ပြောကြားမှုအရ Yuli မြို့တွင် စတိုးဆိုင်ဖွင့်ထားသည့် အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုမှ လူ (၄) ဦးကို ကယ်ထုတ်ခဲ့ကြောင်းနှင့် ငလျင်ကြောင့် ပျက်စီးသွားသည့် တံတားတစ်စင်းပေါ်မှ ၎င်းတို့၏ကား ပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာရခဲ့သူ (၃) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

ငလျင်လှုပ်မှုကြောင့် ထိုင်ဝမ်အရှေ့ပိုင်းရှိ Dongli ဘူတာရုံတွင် ပလက်ဖောင်းနေရာတစ်ခု ပြိုကျသွားပြီးနောက် ရထားတွဲ (၆) တွဲ လမ်းချော်ခဲ့ကြောင်း Taiwan Railways Administration က ပြောသည်။ 

သို့သော် ထိုဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟု မီးသတ်ဌာနက ဆိုသည်။

ငလျင်လှုပ်မှုကြောင့် Chike နှင့် Liushishi တောင်ပေါ်ဒေသတွင် လမ်းများပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး လူ (၆၀၀) ကျော် ပိတ်မိခဲ့ကြသည်။ 

ကယ်ဆယ်ရေးအဖွဲ့များက လမ်းများပြန်ပွင့်ရန် လုပ်ဆောင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။ 

အမေရိကန် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ရုပ်သိမ်းခဲ့သည်။ 

ထို့အတူ ဂျပန်မိုးလေဝသဌာနကလည်း Okinawa စီရင်စုအတွက် ဆူနာမီသတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုကို ထိုင်ဝမ်ကျွန်းအနှံ့တွင် ခံစားသိရှိခဲ့သည်ဟု မိုးလေဝသဌာနက ပြောသည်။ 

မြို့တော်တိုင်ပေတွင် အဆောက်အအုံများ ခေတ္တလှုပ်ရမ်းသွားခဲ့ပြီး ထိုင်ဝမ်ကျွန်းတွင် နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်ခဲ့သည်။ 

ထိုင်ဝမ်မှာ ကမ္ဘာ့ကျောက်ဖျာချပ်ကြီး (၂) ခု ဆုံရာအနီးတွင် တည်ရှိနေပြီး ငလျင်လှုပ်မှု အဖြစ်များသည့် နေရာဖြစ်သည်။

၂၀၁၆ ခုနှစ်က ထိုင်ဝမ်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး (၆.၄) အဆင့်ရှိ ငလျင်ကြောင့် လူ (၁၀၀) ကျော် သေဆုံးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ရစ်ချ်တာစကေး (၇.၃) ရှိသည့် ငလျင်ကြီးကြောင့် လူ (၂,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။



Source: Reuters, CNA

Photo:  Taiwan's 0918 Earthquake Central Emergency Operations Centre,