ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် သေနတ်ရောင်းဝယ်မှုဖြင့်   (၆၁) ဦး ဖမ်းမိပြီး  သေနတ် (၁၄၅) လက် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် သေနတ်ရောင်းဝယ်မှုဖြင့်   (၆၁) ဦး ဖမ်းမိပြီး  သေနတ် (၁၄၅) လက် သိမ်းဆည်းရမိ
အောက်တိုဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတဝန်း အွန်လိုင်းမှ တစ်ဆင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများကို တိုက်ဖျက်နှိမ်နင်းရေး စစ်ဆင်ရေးလုပ်ဆောင်ခဲ့မှုအတွင်း   (၆၁) ဦးကို သေနတ် (၁၄၅) လက်နှင့် ကျည်ဆန် (၉,၀၀၀) နီးပါးတို့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ (၁) ရက်တွင် သတင်းထုတ်ပြန်သည်။ 

ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်အသစ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ၎င်း၏ ပထမဆုံး ရဲချုပ်တာဝန်ထမ်းဆောင်သည့်နေ့တွင် ယခုသတင်းကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန Central Investigation Bureau (CIB) က "Ghost Guns Operation, Season 2" ဟု အမည်ပေးထာသည့် စစ်ဆင်ရေးဖြင့် အွန်လိုင်းလက်နက်ရောင်းဝယ်မှု တိုက်ဖျက်နှိမ်နင်းရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ရဲချုပ်အသစ်၏ ပြောကြားမှုအရ အခြားသူများကို တိုက်ခိုက်ရန်နှင့် လုယက်မှုပြုလုပ်ရန် သေနတ်အသုံးပြုသည့် ရာဇဝတ်မှုများ မြင့်တက်နေခဲ့သည်ဟု ဆိုသည်။ 

၎င်းက Ubon Ratchathani မြို့၏ မြို့လယ်နေရာအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့် Nonthaburi မြို့တွင် စာသင်ခန်းအတွင်း ကျောင်းသားတစ်ဦး၏ သေနတ်က မတော်တဆ ကျည်ထွက်သွားခဲ့ရာမှ ၎င်း၏သူငယ်ချင်း ထိမှန်သေဆုံးခဲ့သည့် ဖြစ်ရပ်များကို ရည်ညွှန်းပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က မကြာသေးမီ လများအတွင်း ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများအရ သေနတ်ဖြင့် ရာဇဝတ်မှုကျူးလွန်သူ အများအပြားမှာ ၎င်းတို့၏ သေနတ်နှင့်ကျည်ဆန်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့ကြသည်ကို တွေ့ရကြောင်း ထိုင်းရဲချုပ် Damrongsak Kittiprapas က ပြောသည်။ 

 

CIB နှင့် ရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲ Crime Suppression Division (CSD) မှ အရာရှိများက ထိုင်းနိုင်ငံတဝန်း ပြည်နယ် (၅၀) ရှိ တည်နေရာ (၁၂၆) ခုကို ပစ်မှတ်ထား စီးနင်းရှာဖွေခဲ့ကြကြောင်း ၎င်းကဆိုသည်။

ထိုစီးနင်းမှုများအတွင်း သံသယရှိသူ စုစုပေါင်း (၆၁) ဦးကို ဖမ်းဆီရမိခဲ့ရာ ၎င်းတို့အနက် (၈) ဦးက တရားမဝင်လက်နက်မှုနှင့် ဆက်နွယ်၍ ဖမ်းဝရမ်းထုတ်ခံထားရသူများ ဖြစ်သည်။ 

သံသယရှိသူ (၅၂) ဦးကို တရားမဝင် လက်နက်ရောင်းဝယ်မှုနှင့် ဆက်နွယ်သည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး နောက်တစ်ဦးကိုမူ အခြား ပြစ်မှုအတွက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခဲ့သူများနှင့်အတူ သေနတ် (၁၄၅) လက်၊ ကျည်ဆန် (၈,၉၅၆) တောင့်နှင့် သေနတ်အစိတ်အပိုင်းများကို သိမ်းဆည်းရမိခဲ့သည်။ 

သိမ်းဆည်းရမိခဲ့သည့် သေနတ်များအနက်မှ (၄) လက်မှာ စစ်ပွဲသုံး သေနတ်များဖြစ်သည်။ 

အွန်လိုင်းတွင် သေနတ်ရောင်းချနေမှု အများအပြားရှိခဲ့ရာ စုံစမ်းစစ်ဆေးရေးမှာ လနှင့်ချီကြာခဲ့ကြောင်း CIB အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop Bhuridej က ပြောသည်။

Source: Bangkok Post

Photo: Wassayos Ngamkham, Thai TBS, CM108,