မလေးရှားတောင်ပိုင်း ဂျိုဟာတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး လူဦးရေ သောင်းနှင့်ချီ နေအိမ်စွန့်ခွာကြရ

မလေးရှားတောင်ပိုင်း ဂျိုဟာတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး လူဦးရေ သောင်းနှင့်ချီ နေအိမ်စွန့်ခွာကြရ
By Mr John

 မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟာပြည်နယ်တွင် ရက်နှင့်ချီကြာ မိုးသည်းထန်ခဲ့မှုကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လူဦးရေ (၄၁,၀၀၀) နီးပါး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အနည်းဆုံး လူ (၄) ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက ၂၀၂၃ခုနှစ် မတ်လ (၄) ရက်နေ့တွင် ပြောသည်။ 

ရေကြီးမှုကြောင့် ရွှေ့ပြောင်းရသူများအတွက် အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း (၂၀) ကျော် စီစဥ်ထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ဆိုသည်။

မလေးရှားတွင် နှစ်စဥ် အောက်တိုဘာလနှင့် မတ်လအတွင်း မုန်သုန်ရာသီတွင် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခု သီတင်းပတ်၌ မိုးသည်းထန်စွာရွာသွန်းလာမှုကြောင့် ဂျိုဟာဒေသခံ အများအပြား ယာယီခိုလှုံနေထိုင်စရာ အလုအယက် ရှာဖွေခဲ့ကြရသည်။ 

"နှစ်စဉ် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ မိုးရာသီအတွက် ကြိုတင်ပြင်ဆင်နေကြပါပဲ။ အိမ်တိုင်းမှာ လှေတစ်စီးရှိကြတယ်။ ဒါပေမဲ့ အခုကတော့ ခန့်မှန်းမရတဲ့ ရာသီဥတုဖြစ်ခဲ့ပြီး ပြင်ဆင်မထားခဲ့ကြဘဲ ဝရုန်းသုန်းကား ဖြစ်ခဲ့ကြတယ်"ဟု ဂျိုဟာပြည်နယ် Batu Pahat ခရိုင် Yong Peng မြို့တွင် နေထိုင်သည့် အသက် (၅၇) နှစ်အရွယ် ဒေသခံ Mohd Noor Saad က Reuters သတင်းဌာနကို ပြောသည်။

 

ကော်ဖီဆိုင်တွင် အလုပ်လုပ်ကိုင်သူ အသက် (၅၄) နှစ်အရွယ် Kabibah Siam အမည်ရှိ အမျိုးသမီးကမူ ရေကြီးမှုအတွင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အလုပ်ထွက်ခဲ့ရကြောင်း ပြောသည်။

"ကျွန်မတို့ ဘာလုပ်နိုင်မှာလဲ၊ ကျွန်မတို့ရဲ့ ကံကြမ္မာကို မကျေမနပ်ဖြစ်လို့လည်း မရဘူးလေ။ ဘာကြောင့်လဲဆိုတော့ ဒီမှာက အားလုံးက တစ်လှေတည်းစီးတွေပဲ"ဟု ရေမြုပ်နေသည့် သူမ၏ အိမ်ထဲမှ ပစ္စည်းများကို သယ်ထုတ်နေရင်း Kabibah Siam က ပြောသည်။

ဂျိုဟာပြည်နယ်အတွင်း ရေကြီးမှု အဆိုးဆုံး ကြုံတွေ့နေရစဥ် မလေးရှားနိုင်ငံ၏ အခြား ပြည်နယ်များတွင်လည်း လူဦးရေ ရာနှင့်ချီ ရွှေ့ပြောင်းခဲ့ကြရသည်။ 

လာမည့် ရက်များအတွင်း အများအားဖြင့် မလေးရှားတောင်ပိုင်းတွင် မိုးရွာသွန်းမှု ပိုများလာလာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။

Source: Reuters

Photo: REUTERS/Hasnoor Hussain, AFP, Mohd Rasfan/AFP/Getty Images,