မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၂၀၀)ဦးကို  မြန်မာစစ်သင်္ဘောဖြင့် ပြန်ပို့ရေး တရားရုံးက ယာယီဆိုင်းငံ့

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၂၀၀)ဦးကို  မြန်မာစစ်သင်္ဘောဖြင့် ပြန်ပို့ရေး တရားရုံးက ယာယီဆိုင်းငံ့
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံတကာသတင်း

 မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် မြန်မာ (၁,၂၀၀) ကို မြန်မာစစ်သင်္ဘော (၃) စီးဖြင့် ပြန်ပို့ရန် ပြင်ဆင်နေသည်ကို နိုင်ငံတကာက စိုးရိမ်စွာကန့်ကွက်မှုများနှင့်အတူ တရားရုံးတွင် တင်ပြမှုများကြောင့် နေရပ်ပြန်ပို့ရေးကို ယာယီဆိုင်းငံ့ရန်၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ၌ တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။



မြန်မာစစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် မလေးရှား၌ ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား (၁၂၀၀) အားပြန်ခေါ်ရန် စစ်သင်္ဘော (၃)စီးကို စေလွှတ်လိုက်သဖြင့် ထိန်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် ကုလဒုက္ခသည်များအေဂျင်စီအနေဖြင့် ခိုလှုံခွင့်လျှောက်ထားသူများအား လက်ခံပေးရန် အမေရိကန်သံရုံးက တိုက်တွန်းထားသည့်အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း မလေးရှားအနေဖြင့် ထိန်းသိမ်းထားသူများအား မြန်မာနိုင်ငံတွင်းအခြေအနေအရ ပြန်မပို့ရန် တောင်းဆိုနေကြခြင်းဖြစ်သည်။



ဒီအချိန်က မြန်မာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေကို အကာအကွယ်တွေ ပိုတိုးပေးရမယ့်၊ ကုလအကူအညီတွေ ပိုပေးရမယ့် အချိန်ဖြစ်ပါတယ်။ သူတို့ကို လူ့အခွင့်အရေးပြင်းပြင်းထန်ထန်ချိုးဖေါက်နေတဲ့ စစ်အစိုးရလက်ထဲ ပြန်ထည့်ရမယ့်အချိန်မဟုတ်ပါဘူး

ဟု Fortify Rights ၏ Executive Director အေမီစမစ်က ဆိုသည်။



မလေးရှားက ထိန်းသိမ်းထားသူများတွင် ချင်းတိုင်းရင်းသားများနှင့် ပဋိပက္ခများမှ တိမ်းရှောင်လာသည့် ကချင်နှင့် ရှမ်းပြည်နယ်တို့မှလည်း ပါဝင်သည်ဟု သိရသည်။

Tachileik News Agency

Source: Reuter, AFP, TJP