ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်တိုက်ပွဲတွင် ရုရှားဗိုလ်ချုပ်တစ်ဦး သေဆုံး

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်တိုက်ပွဲတွင် ရုရှားဗိုလ်ချုပ်တစ်ဦး သေဆုံး
By Mr John

တိုက်ပွဲများပြင်းထန်နေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားစစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအစိုးရသတင်းဌာန သတင်းထောက်တစ်ဦးက ဇွန်လ (၅) ရက်နေ့တွင် ပြောသည်။ 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ်မှ အဆင့်မြင့်အရာရှိများ သေဆုံးမှုတွေ ဆက်တိုက်ရှိနေသည်ဟုလည်း ဆိုသည်။ 

ရုရှားဗိုလ်ချုပ်တစ်ဦး သေဆုံးသည့်သတင်းကို အစိုးရရုပ်မြင်သံကြားသတင်းဌာန Rossiya 1 မှ သတင်းထောက် Alexander Sladkov က Telegram တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရုရှားဗိုလ်ချုပ် Roman Kutuzov မှာ ယူကရိန်းအရှေ့ပိုင်း မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် သေဆုံးခဲ့ကြောင်းကိုမူ ပြောမထားဟု ဆိုသည်။ 

ထိုဗိုလ်ချုပ်က Donetsk People's Republic အဖြစ် ကိုယ်တိုင်ကြေညာထားသော ယူကရိန်းခွဲထွက်နယ်မြေမှ တပ်ဖွဲ့များကို အုပ်ချုပ်ကွပ်ကဲနေသူလည်း ဖြစ်သည်။ 

ယခုသတင်းနှင့်ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်မပေးသေးကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ 

ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် အဓိကမြို့ဖြစ်သည့် Sievierodonetsk မြို့ကို သိမ်းပိုက်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် စတင်ကျူးကျော်တိုက်ခိုက်ပြီးနောက် ကိဗ်မြို့တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ရာ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် ပစ်မှတ်ထားလာခဲ့ခြင်းလည်း ဖြစ်သည်။ 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်မှ အလယ်အလတ်နှင့် အငယ်တန်း အရာရှိများကြား သိသိသာသာ အသေအပျောက်ရှိပုံရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ (၆) ရက်နေ့တွင် ပြောခဲ့သည်။ 

ယူကရိန်း၏ ပြောကြားမှုအရ စစ်ပွဲအတွင်း ရုရှားဗိုလ်ချုပ် (၁၂) ဦး သေဆုံးခဲ့ကြောင်းနှင့် အနောက်အုပ်စု ထောက်လှမ်းရေးအရာရှိများ၏ အဆိုအရ ရုရှားစစ်တပ်မှ အကြီးတန်းတပ်မှူး အနည်းဆုံး (၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရုရှားစစ်တပ်က ယူကရိန်းစစ်ပွဲအတွင်း ၎င်းတို့၏ သေဆုံးဒဏ်ရာရမှုကို နိုင်ငံတော်လျှို့ဝှက်ချက်အဆင့် သတ်မှတ်ထားပြီး မတ်လ (၂၅) ရက်နောက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ 

မတ်လ (၂၅) ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်မှုအရ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲအတွင်း ရုရှားစစ်သား (၁,၃၁၅) ဦး သေဆုံးခဲ့ကြောင်း ပြောထားခဲ့သည်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယူကရိန်းကို စစ်မဲ့နေရာဖြစ်ရန်နှင့် အမျိုးသားရေးဝါဒီများက ရုရှားဘာသာစကားပြောသူတွေကို ခြိမ်းခြောက်နေမှု ပပျောက်ရန် အထူးစစ်ဆင်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားက ပြောကြားထားသည်။ 

ယူကရိန်းနှင့် အနောက်အုပ်စုကမူ ရုရှား၏ ထိုပြောဆိုမှုမှာ ကျူးကျော်တိုက်ခိုက်ရန် မူမမှန်သည့် အကြောင်းပြချက်အဖြစ် ပယ်ချထားကြသည်။ 

Source: Reuters, BBC