ပရာယွတ်ကို ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၂၅ခုနှစ်အထိ သတ်မှတ်ကြောင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်

ပရာယွတ်ကို ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၂၅ခုနှစ်အထိ သတ်မှတ်ကြောင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်
စက်တင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းဝန်ကြီးချုပ် ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိဖြစ်ကြောင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်ရာထူးတွင် ၂၀၂၅ခုနှစ်အထိ  တာဝန်ယူခွင့်ပြုလိုက်ကြောင်း စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဆုံးဖြတ်စီရင်လိုက်သည်။ 

အတိုက်အခံများက ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ (၈) နှစ်ပြည့်ပြီဖြစ်ပြီး အခြေခံဥပဒေကန့်သတ်ချက်အရ ဝန်ကြီးချုပ်ရာထူးမှဆင်းပေးရန် ဥပဒေကြောင်းအရ အရေးဆိုမှုကို ခုရုံးက ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

အခြေခံဥပဒေခုရုံးက ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဋ္ဌာန်းသည့် ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ 

အတိုက်အခံများက ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်မှာ ၂၀၁၄ ခုနှစ်တွင် အာဏသိမ်းခဲ့မှုကြောင့် ၎င်း၏ဝန်ကြီးချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် (၈) နှစ်ပြည့်ပြီဟု ပြောဆိုခဲ့ကြသည်။  

အခြေခံဥပဒေခုံရုံးကမူ အာဏာသိမ်းပြီးနောက် ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့ မတိုင်မီ ပရာယွတ်၏ နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့သည့် အချိန်ကာလမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သက်တမ်းအဖြစ် အကျုံးမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ 

ယခုဆုံးဖြတ်ချက်အရ ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိဖြစ်ရာ ၎င်းအတွက် အာဏာဆက်လက်တည်မြဲသွားစေခဲ့သည်။

ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်း အငြင်းပွားမှုကို ပြန်လည်သုံးသပ်နေစဥ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်းကို ဩဂုတ်လ (၂၄) ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခဲ့သည်။ 

သို့သော် ပရာယွတ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက် ရှိနေခဲ့ကြောင်းလည်း သိရသည်။

Source: Bangkok Post, BBC