လူကုန်ကူးခံရသည့် ဖြစ်စဉ် အမှန်များကို အထက်သို့ မတင်ပြဘဲ ငွေကြေးရယူမှုများ ရှိ၍ တာချီလိတ် လူကုန်တားရဲတပ်ဖွဲ့ကို နေပြည်တော်က လာရောက်စစ်ဆေးမည်

လူကုန်ကူးခံရသည့် ဖြစ်စဉ် အမှန်များကို အထက်သို့ မတင်ပြဘဲ ငွေကြေးရယူမှုများ ရှိ၍ တာချီလိတ် လူကုန်တားရဲတပ်ဖွဲ့ကို နေပြည်တော်က လာရောက်စစ်ဆေးမည်
မတ် 4, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင်ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုအတွင်း လူကုန်ကူးခံရကြောင်း စစ်ဆေးတွေ့ရှိ၍ စစ်ဆေးရေးအဖွဲ့က လူကုန်တားရဲတပ်ဖွဲ့ရုံးထံ လွှဲပြောင်းလိုက်သော်လည်း တာချီလိတ်လူကုန်တား ရဲမှူးက ငွေကြေးရယူပြီး ပြန်လွှတ်ပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး  နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို) နှင့် အထူးစုံစမ်းရေးဌာနတို့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။



၂၀၂၃ခုနှစ် မတ်လ(၁)ရက်နေ့ နံနက်အစောပိုင်းက တောင်ကြီးကနေ တာချီလိတ်သို့ မောင်းလာသည့် Hiace ခရီသည်တင်ကားတစ်စီးအား တာချီလိတ်အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ရပ်တန့် စစ်ဆေးရာ အမျိုးသား(၂)ဦးက အမျိုးသမီး(၄)ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)ရယူကာ ခေါ်ဆောင်လာကြောင်းနှင့်  အမျိုးသမီးများကို ရှဲန်းလီ လုပ်ငန်းစု၏ တရားမဝင်အွန်လိုင်းဂိမ်းနှင့် နာရီပိုင်း ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ် ရုံးသို့ ခေါ်ဆောင် စစ်ဆေးပြီး ရှဲန်းလီ လုပ်ငန်းစုဘက်က တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ငွေကြေးရယူပြီး  အမျိုးသမီး(၄)ဦးကို လုပ်ငန်းရှင်ဘက်က လာခေါ်သည့် အိမ်စီးကားဖြင့် ပြန်ထည့်ပေးလိုက်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီးလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်ရုံးမှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ဝင်းတင့် နှင့် တာဝန်ရှိသူများအနေဖြင့် အရေးယူခြင်းနှင့် အထက်ဌာနအဆင့်ဆင့်ကို တင်ပြခြင်းများမရှိဘဲ ဖုံးကွယ်ထားခြင်းများ ပြုလုပ်၍ ယခုကဲ့သို့ပင် အလားတူဖြစ်စဉ်မျိုး အနည်းဆုံး (၄)(၅)ကြိမ်အထက်ရှိခဲ့သည့်အတွက် နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို) နှင့် အထူးစုံစမ်းရေးဌာနတို့မှ လာရောက်စစ်ဆေးမည်ဖြစ်သည်။

ယခုလို အထက်ဌာနများက လာရောက်စစ်ဆေးမည်ဖြစ်သည့်အတွက် ဖြစ်စဉ်ကို လိမ်လည်တင်ပြရန် ပြင်ဆင်ထားရှိကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Tachileik News Agency တွင် " တာချီလိတ်မြို့တွင် လူကုန်ကူးခံရကြောင်း သိလျက်နှင့် ငွေကြေးရယူပြီး လုပ်ငန်းရှင်ထံ အမျိုးသမီးများကို လူကုန်တားရဲမှူးက ထည့်ပေး"သတင်းကို ၂၀၂၃ခုနှစ် မတ်လ(၂)ရက်နေ့က ဖော်ပြထားခဲ့ပြီးနောက်ပိုင်း အဆိုပါ သတင်းကို ပြန်လည်ဖြုတ်ချပေးရေးအတွက် နည်းမျိုးစုံဖြင့် ဆက်သွယ်ပြောဆိုလာမှုများလည်း ရှိခဲ့သေးသည်။

တာချီလိတ်မြို့ရှိ "ဝ"နှင့်တရုတ် ပိုင်ဆိုင်သည့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းအများစုတွင် ပွဲစားကနေ တဆင့် စာချုပ်စာတမ်းဖြင့် အလုပ်လုပ်ကိုင် နေရသည့် လူငယ်များကို အဆိုပါ လုပ်ငန်းရှင်များက ဝယ်ယူထားသည်ဟု သတ်မှတ်ကာ အတင်းအဓမ္မခြိမ်းခြောက် စေခိုင်းခံရခြင်းများရှိသည့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များ အများအပြားဖြစ်နေသော်လည်း သက်ဆိုင်ရာက စစ်ဆေးကယ်တင်နိုင်ခြင်းများမရှိဖြစ်နေသည်။

လာဘ်ပေး လာဘ်ယူမှု အားကောင်းပြီး ထိုင်းဘတ်ငွေကိုသာ ရရှိနေသည့် တာချီလိတ်မြို့တွင် တာချီလိတ်ရဲတပ်ဖွဲ့များနေဖြင့် မြေပြင်အခြေအနေမှန်များကို ခရိုင် နှင့် ပြည်နယ်ကနေ နေပြည်တော်အထိ အဆင့်ဆင့် ဖြစ်စဉ်အမှန်ကို တင်ပြလေ့မရှိသလို ဖုံးကွယ်မှုများနှင့် လိမ်လည်တင်ပြမှုများရှိသည့်အတွက် နေပြည်တော်က လာရောက်ပြီး စစ်ဆေးမှုများ ယခင်ကလည်းရှိခဲ့သလို အခြားဌာနဆိုင်ရာများနှင့် ပတ်သက်၍ မြေယာကိစ္စများကအစ အထက်ဌာနများက လာရောက်၍ စစ်ဆေးရသည့် ဖြစ်စဉ်များ မကြာခဏ ရှိသည်။