တာချီလိတ်မြို့မှ သစ်ခွဲသားများ ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလအတွင်း တတိယအကြိမ် တင်ပို့နိုင်ရေး စီစဉ်

တာချီလိတ်မြို့မှ သစ်ခွဲသားများ ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလအတွင်း တတိယအကြိမ် တင်ပို့နိုင်ရေး စီစဉ်
ဒီဇင်ဘာ 21, 2019
By Tachileik News Agency

တာချီလိတ်မြို့မှ သစ်ခွဲသားများ ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလအတွင်း တတိယအကြိမ် တင်ပို့နိုင်ရေး စီစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကျွန်းသစ်ခွဲသားများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဒီဇင်ဘာလ အတွင်း တတိယအကြိမ်မြောက်တင်ပို့နိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

"ကျွန်းသစ်ခွဲသားတွေ (၁) ကြိမ်ပို့ရင် တန် (၂၀၀) လောက်ပို့နိုင်ဖို့ ကြိုးစားနေတာပေါ့။ ဒီဇင်ဘာလထဲမှာလည်း တဖက်နိုင်ငံက အခြေအနေအရ ဆက်ပြီးတင်ပို့ဖို့ ဆောင်ရွက်နေတာရှိပါတယ်။ တင်မြင့်ရီကုမ္ပဏီက သစ်ခွဲသားတွေ စစ်ဆေးဖို့ တင်ပြလာတဲ့အကြိမ်တိုင်းမှာ ကျွန်တော်တို့က အဖွဲ့နဲ့စနစ်တကျစစ်ဆေးခြင်းတွေကို ဆောင်ရွက်ထားပါတယ်။ ဒီဇင်ဘာလထဲ ပို့ဖို့အတွက် ပဏာမ အကြမ်းစစ်ဆေးထားပြီး ဖြစ်ပါတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျွန်းသစ်ခွဲသားများကို နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်မှ တင်ပို့ခွင့်ပြုခြင်းမှာ တာချီလိတ်မြို့မှ ပထမဆုံးတင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရ၏ အစည်းအဝေးအမှတ်စဉ် ၄/၂၀၁၉ ဖြင့် တာချီလိတ်ရှိ တင်မြင့်ရီရောင်းဝယ်ရေးကုမ္ပဏီကို ကျွန်းသစ်ခွဲသား (၁၁၁၂.၉၆၅၇) တန်ကို တင်ပို့ခွင့်ပြုပေးခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း (၂) ကြိမ်တိုင်တိုင် တင်ပို့ခဲ့ပြီးနောက် တတိယအကြိမ်တင်ပို့နိုင်ရေး စီစဉ်နေကြောင်း သိရသည်။

"ကားတွေက အများကြီး ရာနဲ့ချီပြီးသွားရမှာ။ မြို့ထဲဖြတ်မယ်ဆိုရင် တံတားတွေမှာ ကြံ့ခိုင်မှုအားနည်းလို့ သစ်ကားဖြတ်လိုက်လို့ တစ်ခုခုဖြစ်ရင် ပြောလို့ဆုံးမှာ မဟုတ်တော့ဘူး။ ဒီကားတွေသွားရင် ယာဉ်တွေက ကြပ်နေတာကိုး အစရှိတဲ့ (၃၊ ၄) ချက်ပြောလိုက်တော့ အကြီးအကဲတွေလည်း သဘောတူတာပေါ့။ သစ်လုံးတွေက ထိုင်းပို့ချင်တာကို ဟိုးတောင်ပြန်ပြန်ပို့၊ တောင်ကနေပြန်ဆင်းဆို အလုပ်မဖြစ်ဘူးပေါ့ဗျာ။ အခုက လုပ်ငန်းရှင်လည်း အဆင်ပြေတယ်။ နိုင်ငံတော်အတွက်လည်း အခွန်တွေအများကြီးရတာပေါ့"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် တာချီလိတ်မြို့သို့ လာရောက်သည့်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှတစ်ဆင့် ကျွန်းသစ်ခွဲသားများတင်ပို့မှုကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုခဲ့ပြီးနောက် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်းပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
 သတင်း - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~