တာချီလိတ်မြို့တွင် လူကုန်ကူးခံရကြောင်း သိလျက်နှင့် ငွေကြေးရယူပြီး လုပ်ငန်းရှင်ထံ အမျိုးသမီးများကို လူကုန်တားရဲမှူးက ထည့်ပေး

တာချီလိတ်မြို့တွင် လူကုန်ကူးခံရကြောင်း သိလျက်နှင့် ငွေကြေးရယူပြီး လုပ်ငန်းရှင်ထံ အမျိုးသမီးများကို လူကုန်တားရဲမှူးက ထည့်ပေး
မတ် 2, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင်ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုအတွင်း လူကုန်ကူးခံရကြောင်း စစ်ဆေးတွေ့ရှိ၍ စစ်ဆေးရေးအဖွဲ့က လူကုန်တားရဲတပ်ဖွဲ့ရုံးထံ လွှဲပြောင်းလိုက်သော်လည်း တာချီလိတ်လူကုန်တား ရဲမှူးက ငွေကြေးရယူပြီး ပြန်လွှတ်ပေးလိုက်ကြောင်း Tachileik news Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။



ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် မတ်လ(၁)ရက်နေ့ နံနက်အစောပိုင်းက တောင်ကြီးကနေ တာချီလိတ်သို့ မောင်းလာသည့် Hiace ခရီသည်တင်ကားတစ်စီးအား တာချီလိတ်အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ရပ်တန့် စစ်ဆေးရာ အမျိုးသား(၂)ဦးက အမျိုးသမီး(၄)ဦးအား တရားမဝင်အွန်လိုင်းဂိမ်းနှင့် ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် ခေါ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိ၍ လူကုန်ကူးမှုနှင့် ငြိစွန်း၍ တာချီလိတ်မြို့ စက်မှုဇုံအနီးရှိ  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ် ရုံးသို့ ခေါ်ဆောင် စစ်ဆေးကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပွဲစားဟုဆိုသည့် စိုင်းထွန်းလှ နှင့် စိုင်းသိန်းအောင်တို့က အသက်(၂၀)မှ အသက်(၂၅)နှစ်အရွယ်ရှိ အမျိုးသမီး(၄)ဦးကို တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ရှဲန်းလီ လုပ်ငန်းစု၏  တရားမဝင်အွန်လိုင်းဂိမ်းနှင့်ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်ကိုင်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)ရယူကာ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရသည်။



၎င်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်ရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး ရှဲန်းလီ လုပ်ငန်းစုဘက်က တာဝန်ရှိသူများ ရောက်ရှိပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ဝင်းတင့် နှင့် ငွေကြေးညှိနှိုင်းပြီးနောက် အမျိုးသမီး(၄)ဦးကို လုပ်ငန်းရှင်ဘက်က လာခေါ်သည့် အိမ်စီးကားဖြင့် ပြန်ထည့်ပေးလိုက်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်က ဖြစ်စဉ်ကို ဖုံးကွယ်ထားကြောင်းသိရသည်။