တာချီလိတ်သို့ EP ဖြင့်ဝင်ရောက်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားများ ရန်ကုန်မှတစ်ဆင့် နေရပ်ပြန်လိုပါက passport များ ထုတ်ပေးမည်

တာချီလိတ်သို့ EP ဖြင့်ဝင်ရောက်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားများ ရန်ကုန်မှတစ်ဆင့် နေရပ်ပြန်လိုပါက passport များ ထုတ်ပေးမည်
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်သို့  EP ဖြင့်ဝင်ရောက်လာပြီး ပိတ်မိနေသည့် တရုတ်နိုင်ငံသားများ ရန်ကုန်မှတစ်ဆင့် နေရပ်ပြန်လိုပါက passport များ ထုတ်ပေးမည်
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံနယ်စပ်မှနေ၍ Entry Permit ဖြင့် ဝင်ရောက်လာပြီး COVID-19 ကာလအတွင်းပိတ်မိနေသည့် တရုတ်နိုင်ငံသားများ ရန်ကုန်လေဆိပ်မှတစ်ဆင့် နေရပ်ပြန်မည်ဆိုပါက Passport စာအုပ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်မှနေ၍ ဝင်ရောက်လာသည့် (တတိယနိုင်ငံသား) နိုင်ငံခြားသားများကို  မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် passport စာအုပ်အား သိမ်းယူထားပြီး Entry Permit ထုတ်ပေးထားခြင်းဖြစ်ကာ နယ်စပ်မှ ပြန်လည်ထွက်ခွာမှ passport စာအုပ် ပြန်ထုတ်ပေးနေခြင်းဖြစ်သော်လည်း COVID 19 ကာလအတွင်း မြန်မာ - ထိုင်းနယ်စပ်ပိတ်ထား၍ ပြန်လည်ထွက်ခွာ၍မရဘဲ ပိတ်မိနေခြင်းဖြစ်သည်။
တာချီလိတ်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသားများ COVID 19 ကာလအတွင်း ရန်ကုန်မှတစ်ဆင့် လေကြောင်းခရီးဖြင့် နေရပ်ပြန်နိုင်ရေးအတွက် Entry Permit ထုတ်ပေးထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် passport များ ပြန်လည်ထုတ်ပေးနေခြင်း ဖြစ်သည်။

“ရန်ကုန်ကနေ တရုတ်ပြည်ကိုပြန်မယ့် လေယာဉ်လက်မှတ်က သူတာချီလိတ်က ထွက်တဲ့အချိန်နဲ့ (၁၀) ရက်လောက်ကွာနေမယ်ဆိုရင် လက်မခံဘူး။ (၂) ရက် (၃) ရက်လောက်ကွာတဲ့ လေယာဉ်လက်မှတ်ဆိုရင် လက်ခံတယ်။ အချက်အလက်မှန်ကန်ပြီဆိုရင် ကျွန်တော်တို့ Passport ထုတ်ပေးလိုက်တယ်။ ဒဏ်ကြေးကတော့ နောက်ဆုံးမြန်မာပြည်ကနေ ထွက်ခွာတဲ့နေရာ။ ရန်ကုန်လေဆိပ်မှာ သူတို့ Over Stay ဖြစ်တဲ့ဟာကို သူတို့ ဆောင်ရပါမယ်”

ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Passport ပြန်လည်ထုတ်ယူလိုသည့် တရုတ်နိုင်ငံသားများအနေဖြင့် လေယာဉ်မတက်မီ (၃၆) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်းလက်မှတ်၊ တာချီလိတ်-ရန်ကုန် လေယာဉ်လက်မှတ်၊ ရန်ကုန်- တရုတ်နိုင်ငံ လေယာဉ်လက်မှတ်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားမှ ထုတ်ပေးလိုက်သည့် EP ကတ်ပြားတို့၏ မူရင်း၊ မိတ္တူများကိုတင်ပြရန် လိုအပ်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ Entry Permit ဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအနေဖြင့် တာချီလိတ်မြို့တွင်း (၁၄) ရက်တာနေထိုင်ခွင့်လက်မှတ် EP ဖြင့် ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာချိန်တွင် နိုင်ငံတွင်း ခွင့်ပြုရက်ကျော်လွန်နေထိုင်သည့်ရက်အလိုက် ဒဏ်ကြေးပေးဆောင်ကြရမည်ဖြစ်သည်။
တာချီလိတ်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသားများ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစ၍ ရန်ကုန်သို့ လေကြောင်းခရီးဖြင့်ထွက်ခွာနေရာ ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ တရုတ်နိုင်ငံသား (၁၄၀) ဦး ပြန်လည်ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~