မြန်မာနိုင်ငံ၏ အကျပ်အတည်း ဖြေရှင်းရေး အာဆီယံက ပိုမိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမည်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား

 မလေးရှားဝန်ကြီးချုပ် အန်ဝါ [ Photo: REUTERS/Lisa Marie David ]
မလေးရှားဝန်ကြီးချုပ် အန်ဝါ [ Photo: REUTERS/Lisa Marie David ]
မြန်မာနိုင်ငံ၏ အကျပ်အတည်း ဖြေရှင်းရေး အာဆီယံက ပိုမိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမည်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား
By Mr John

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို ဖြေရှင်းရေးတွင် အာဆီယံအဖွဲ့အနေဖြင့် သက်ဆိုင်သူ ဖြစ်ကြောင်း သက်သေပြရမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ဖိလစ်ပိုင်နိုင်ငံ ခရီးစဥ်အတွင်း ပြောကြားလိုက်သည်။ 



ငြိမ်းချမ်းရေးအတွက် သံတမန်ရေး အားထုတ်ကြိုးပမ်းမှုများ ဆောင်ရွက်နေသော အာဆီယံအနေဖြင့် ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ကြောင်းနှင့် မလေးရှားတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ (၂၀၀,၀၀၀) ကို တာဝန်ယူထားရကြောင်း ဝန်ကြီးချုပ်အန်ဝါက ပြောသည်။ 

"ဒါကို ပြည်တွင်း‌ရေး သက်သက်လို့  ကျွန်တော်တို့ မရှုမြင်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမယ်လို့ အာဆီယံ မိတ်ဆွေတွေကို ကျွန်တော် ပန်ကြားခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်သတင်းဌာန ANC က မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် အင်တာဗျူးကို မတ်လ (၃) ရက်နေ့တွင် ထုတ်လွှင့်ခဲ့ရာ အင်တာဗျူးတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

"တခါတရံ စစ်အာဏာရှင်တွေက အရပ်သားတွေရဲ့အဖြစ်ကို နားမလည်တာကြောင့် လိုအပ်ရင် ဒီနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ပါ" ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူလူထုအတွက် ဒီမိုကရေစီအတွေ့အကြုံ အဆုံးသတ်သွားခဲ့ပြီး လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ ပရမ်းပတာဖြစ်ပြီး ဘက်ပေါင်းစုံ ချွတ်ခြုံကျနေသည်။

အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ကို လက်နက်ကိုင်တော်လှန်သူများနှင့် အခြား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်နေသူများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနေခဲ့သည်။ 

စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူ (၂၀,၀၀၀) နီးပါးကို ဖမ်းဆီးခဲ့ပြီး စစ်တပ်က သတ်ဖြတ်မှုကြောင့် လူပေါင်း (၃,၀၀၀) ကျော် သေဆုံးခဲ့သည်။ 

"ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ လစ်လျူရှုမထားနိုင်ဘူး။ ချစ်ကြည်ရင်းနှီးမှု မပျက်တဲ့ အဖြေကို ကျွန်တော်တို့ ရှာဖွေရမယ်။ ဒါက ခက်ခဲပါတယ်။ ကျွန်တော်တို့ အားလုံးကို ကြိုးစားပြီးပါပြီ။ အာဆီယံက သက်ဆိုင်သူဖြစ်ပြီး ပြဿနာအချို့ကို ဖြေလျှော့ပေးနိုင်တယ်ဆိုတာ သက်သေပြရပါမယ်" ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောခဲ့သည်။

အဖွဲ့ဝင် (၁၀) နိုင်ငံပါ အာဆီယံအဖွဲ့အစည်းက အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်များကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက်  မလေးရှားနိုင်ငံက စစ်အုပ်စုကို လူသိရှင်ကြား ဝေဖန်ပြောဆိုနေခဲ့ပြီး ပိုမိုတင်းကျပ်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ 

အာဏာသိမ်း စစ်အုပ်စုကမူ ပြည်တွင်းရေးကို အာဆီယံအဖွဲ့ဝင်များက ဝင်ရောက်စွက်ဖက်မှုအဖြစ် တုံ့ပြန်ခဲ့သည်။

Source: Reuters