ရုရှားက ၎င်းတို့ စွန့်လွှတ်ခဲ့ရသည့် မြို့များကို ပြန်သိမ်းပိုက်ရန် ကြိုးပမ်းလာရာ ယူကရိန်းတွင် တိုက်ပွဲများပြင်းထန်နေ

ရုရှားက ၎င်းတို့ စွန့်လွှတ်ခဲ့ရသည့် မြို့များကို ပြန်သိမ်းပိုက်ရန် ကြိုးပမ်းလာရာ ယူကရိန်းတွင် တိုက်ပွဲများပြင်းထန်နေ
ဒီဇင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့များက ဒီဇင်ဘာလ (၂၈) ရက်နေ့၏ အစောပိုင်းအထိ (၂၄) နာရီအတွင်း ယူကရိန်းနိုင်ငံ Kherson မြို့ကို ဒုံးကျည် (၃၃) စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ပြီး ရုရှားက ရှေ့တန်းနေရာများတွင် တင့်ကားများနှင့် သံချပ်ကာ ကားများ ပိုမိုဖြန့်ကျက်ထားမှုနှင့်အတူ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့များက ဒီနီပရိုမြစ် (Dnipro River) ၏ ညာဘက် မြစ်ကမ်းနားရှိ လူနေထူထပ်သည့် အရပ်ဘက်ပစ်မှတ်များကို မော်တော်ကျည်များနှင့် အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီဇင်ဘာလ (၂၈) ရက် နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ရုရှားကမူ စစ်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း အစဥ်တစိုက် ငြင်းဆိုနေခဲ့သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် ပြီးခဲ့သည့်လအတွင်း ရုရှားတပ်ဖွဲ့များက Kherson မြို့မှ ဆုတ်ခွာခဲ့ရပြီး (၁၁) လကြာပြီဖြစ်သည့် စစ်ပွဲအတွင်း ယူကရိန်း၏ အထင်ရှားဆုံး အသာရမှုလည်း ဖြစ်ခဲ့သည်။ 

ထိုနောက်ပိုင်းတွင်မူ ဆောင်းရာသီကာလ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ တိုက်ခိုက်မှုများ အရှိန်နှေးလာခဲ့သည်။ 

ယခုအခါ ရုရှားက ၎င်းတို့ စွန့်လွှတ်ခဲ့ရသည့် Kherson မြို့အပါအဝင် မြို့များကို ပြန်သိမ်းပိုက်ရန် ကြိုးပမ်းလာရာ တိုက်ပွဲများ ပြင်းထန်လာနေကြောင်း သိရသည်။

ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့တဝိုက်နှင့် မြောက်ပိုင်းရှိ Svatove နှင့် Kreminna မြို့များတွင်လည်း တိုက်ပွဲပြင်းထန်နေသည်။ 

လူဦးရေ (၇၀,၀၀၀) ရှိသည့် Bakhmut မြို့မှာ ယခုအခါ ပျက်စီးနေပြီဖြစ်ပြီး လူနေအဆောက်အအုံများ မီးလောင်နေသည်ကို Reuters သတင်းထောက်များ တွေ့ခဲ့ရသည်။ 

ထိုမြို့၏ လမ်းများပေါ်တွင် အမှိုက်များပြန့်ကျဲနေပြီး အဆောက်အအုံအများစု၏ ပြတင်းပေါက်များ ကွဲထွက်နေသည်ဟု ဆိုသည်။

ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်က လတ်တလော ရက်ပိုင်းအတွင်း မှတ်ချက်ပြုမှုများတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောထားသည်။ 

သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကမူ ယူကရိန်းပိုင်နက် ငါးပုံတစ်ပုံကို စစ်အင်အားသုံး သိမ်းပိုက်ထားမှုအား ယူကရိန်းဘက်က အသိအမှတ်ပြုရန် အပါအဝင် ကြိုတင်သတ်မှတ်ချက်များရှိကြောင်း ပြောခဲ့သည်။ 

ထိုနယ်မြေများကို သိမ်းယူထားကြောင်း ရုရှားက တစ်ဖက်သတ် ကြေညာထားသည်။

ယူကရိန်းဘက်ကလည်း ပိုင်နက်နယ်မြေ စွန့်လွှတ်ရန် ဘယ်တော့မှ သဘောတူညီမည် မဟုတ်ဟု ပြောထားသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြား ခေါင်းဆောင်များကြား ဆွေးနွေးထားသော အချက် (၁၀) ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ်ကို လိုလားနေပြီး ကမ္ဘာ့ခေါင်းဆောင်များကို ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးညီလာခံတစ်ရပ် Global Peace Summit ပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Source: Reuters

Photo: REUTERS, REUTERS/Clodagh Kilcoyne,