အမေရိကန်တွင် အာရှနွယ်ဖွား အမျိုးသမီးအား လက်သီးဖြင့် အချက် (၁၀၀) ကျော်ထိုးခဲ့သည့် အမျိုးသားကို ထောင်ဒဏ် (၁၇) နှစ်ခွဲ ချမှတ်

အမေရိကန်တွင် အာရှနွယ်ဖွား အမျိုးသမီးအား လက်သီးဖြင့် အချက် (၁၀၀) ကျော်ထိုးခဲ့သည့် အမျိုးသားကို ထောင်ဒဏ် (၁၇) နှစ်ခွဲ ချမှတ်
ဒီဇင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် Yonkers မြို့တွင် အသက်အရွယ်ကြီးသူ အာရှနွယ်ဖွား အမျိုးသမီးတစ်ဦးအား လက်သီးဖြင့် အချက်ပေါင်း (၁၀၀) ကျော်ထိုးပြီး သူမ၏ခန္ဓာကိုယ်ကို ခြေဖြင့်ဆောင့်နင်းခဲ့သည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၁၇) နှစ်ခွဲ ချမှတ်လိုက်ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ပြောသည်။

"ဝင်ချက်စတာကောင်တီမှာ ကျွန်မတို့ တွေ့ဖူးတဲ့ အရက်စက်ဆုံး ကြမ်းကြုတ်ဆုံးနဲ့ အမုန်းတရားကြောင့် ကျူးလွန်တဲ့ တုန်လှုပ်ဖွယ် ရာဇဝတ်မှုတွေထဲက တစ်ခုကို ဒီနေ့ ပြည်ဖုံးကားချလိုက်ပါပြီ" ဟု ဝင်ချက်စတာကောင်တီ ခရိုင်ရှေ့နေချုပ် Miriam Rocah က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

အသက် (၄၂) နှစ်အရွယ် Tammel Esco က အမုန်းတရားကြောင့် ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုအဖြစ် ပထမဒီဂရီ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုအတွက် အပြစ်ရှိကြောင်း စက်တင်ဘာလအတွင်း ဝန်ခံထွက်ဆိုခဲ့သည်။

၎င်းကို ထောင်ဒဏ် (၁၇) နှစ်ခွဲ ချမှတ်လိုက်ပြီးနောက် ထောင်မှပြန်လွတ်လာပါက ရဲတပ်ဖွဲ့က စောင့်ကြည့်မှုအောက်တွင် (၅) နှစ် နေထိုင်သွားရမည်ဟုလည်း Rocah က ပြောသည်။ 

Yonkers မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် စောင့်ကြည့်ကင်မရာ မှတ်တမ်းဗီဒီယိုအရ မတ်လ (၁၁) ရက်နေ့တွင် အသက် (၆၇) နှစ်အရွယ် ဖိလစ်ပိုင်မျိုးနွယ် အမျိုးသမီးကြီးတစ်ဦးကို Esco က အကြောင်းမဲ့ သဲကြီးမဲကြီး ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။

ရှေ့နေများ၏ အဆိုအရ Esco က ထိုအမျိုးသမီးကြီးကို မတိုက်ခိုက်မီ "Asian b*tch" ဟု သူမကို ခေါ်ဝေါ်ခဲ့ကြောင်းလည်း သိရသည်။ 

ဗီဒီယိုမှတ်တမ်းတွင် အမျိုးသမီးကြီးက သူမ၏ တိုက်ခန်းရှေ့သို့ လမ်းလျှောက်လာခဲ့ပြီး တံခါးသော့ဖွင့်နေစဥ် Esco က သူမ၏နောက်မှ အဆောက်အအုံထဲသို့ ဝင်လာခဲ့ကာ သူမ၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးပြီး ကြမ်းပြင်ပေါ်သို့ လဲကျစေခဲ့သည်။

ထိုအမျိုးသမီး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးနောက် Esco က သူမကို လက်သီးဖြင့် အချက်ပေါင်း (၁၀၀) ကျော် ထိုးခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို ခြေဖြင့် အကြိမ်ကြိမ်ဆောင့်နင်းကာ တံတွေးဖြင့်ထွေးခဲ့ကြောင်း မှုခင်းတိုင်ကြားချက်အရ သိရှိရသည်။

 ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အာရှနွယ်ဖွား အမျိုးသမီးမှာ ဦးနှောက်သွေးယိုစိမ့်မှုနှင့် မျက်နှာအရိုးများကျိုးခြင်း အပါအဝင် အခြား ဒဏ်ရာအများအပြားရခဲ့ကြောင်း ရှေ့နေများက ပြောသည်။

 

Source: CNN