အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူ

အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူ
By Mr John

အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူ

Tesla လျှပ်စစ်ကားကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၅)ရက်နေ့တွင်  ဝယ်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

 

Twitter ကို ဝယ်ယူလိုက်သည့်နေ့တွင်  "ကျွန်တော့်ရဲ့ အဆိုးဆုံး ဝေဖန်သူတွေတောင် Twitter မှာ ရှိနေဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ အဓိပ္ပါယ်ပါ။"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားထားသည်ကိုတွေ့ရသည်။



 

Forbes မဂ္ဂဇင်း၏ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ အီလွန်မက်စ်က Twitter ကို ဝယ်ယူရန် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး Tesla ကုမ္ပဏီက အရောင်းအဝယ်ကိစ္စတွင် ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။

ဧပြီလအတွင်း Twitter ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာခဲ့သူ အီလွန်မက်စ်က ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်ကို ဒေါ်လာ (၄၃) ဘီလီယံဖြင့် ဝယ်ယူမည်ဟု ဧပြီ (၁၄) ရက်တွင် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

Twitter ၏ တမူထူးခြားသည့် အလားအလာကို ဖော်ဆောင်ရန်အတွက် ၎င်းက သင့်တော်သူဖြစ်သည်ဟုလည်း အီလွန်မက်စ်က ဆိုထားပြီး Twitter ကို ဝယ်ယူမည့် ၎င်း၏ ကမ်းလှမ်းချက်ကို လက်မခံပါက "ရှယ်ယာရှင်တစ်ယောက်ဖြစ်နေမှုအပေါ် ပြန်စဥ်းစားရန်လိုမယ်" ဟု အီလွန်မက်စ်က ပြောထားသည်။



"ကမ္ဘာတဝန်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာမယ့်အလားအလာအပေါ် ယုံကြည်တာကြောင့် ကျွန်တော် Twitter မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်က ဒီမိုကရေစီရှင်သန်ဖို့အတွက် လူမှုရေးရာ မရှိမဖြစ် ဖြစ်ပါတယ်" ဟု အီလွန်မက်စ်က ပြောသည်။

"ဒါပေမဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံပြီးနောက်ပိုင်း သူ့ရဲ့လက်ရှိပုံစံမှာ ကုမ္ပဏီက စီးပွားရေးအရ မတိုးတက်သလို ဒီ လူမှုရေးရာ မရှိမဖြစ်အနေနဲ့လည်း မရပ်တည်ခဲ့ဘူး။ Twitter က ပုဂ္ဂလိက တစ်ဦးတည်းပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲဖို့လိုတယ်" ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နေသည့် Twitter ကို ၂၀၀၆ ခုနှစ်တွင် ဂျက်ဒေါ်ဆင်က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းအချက်အလက်တွေအရ Twitter တွင် ဝန်ထမ်းအရေအတွက် ၇,၅၀၀ ကျော်ရှိပြီး ကမ္ဘာတဝန်း အသုံးပြုသူ ၂၁၇ သန်းရှိကြောင်း သိရသည်။



Source: Reuters