ဗီယက်နမ်နိုင်ငံတွင် အာဏာရ ကွန်မြူနစ်ပါတီ၏ အသက်အငယ်ဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်က သမ္မတသစ် ဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ သမ္မတသစ် Vo Van Thuong [ Photo: han Hữu Sáng/VNA/AP ]
ဗီယက်နမ်နိုင်ငံ၏ သမ္မတသစ် Vo Van Thuong [ Photo: han Hữu Sáng/VNA/AP ]
ဗီယက်နမ်နိုင်ငံတွင် အာဏာရ ကွန်မြူနစ်ပါတီ၏ အသက်အငယ်ဆုံး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်က သမ္မတသစ် ဖြစ်လာ
By Mr John

 

အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံတွင် လွှတ်တော်က Vo Van Thuong ကို သမ္မတသစ်အဖြစ် မတ်လ (၂) ရက်နေ့တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။ +

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆက်လိုက်လုပ်ဆောင်နေသည့် ဗီယက်နမ်တွင် နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲတစ်ရပ်အဖြစ် သမ္မတသစ် ရွေးချယ်တင်မြှောက်လိုက်ခြင်းလည်း ဖြစ်သည်။

ဗီယက်နမ်လွှတ်တော် National Assembly ၏ အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်များက အသက် (၅၂) နှစ်အရွယ် Thuong ကို သမ္မတအဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။ 

အာဏာရ ကွန်မြူနစ်ပါတီက မတ်လ (၁) ရက်နေ့တွင် Thuong ကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် လွှတ်တော်က မဲပေးရွေးချယ်လိုက်ခြင်း ဖြစ်သည်။

Thuong က လွှတ်တော်အမတ်များ၏ ထောက်ခံမဲ (၉၈.၃၈) ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း ဗီယက်နမ်လွှတ်တော်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း သမ္မတ Nguyen Xuan Phuc ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီးနောက် Thuong ကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သည့် ဗီယက်နမ်နိုင်ငံ၏ သမ္မတသစ်အဖြစ် လွှတ်တော်က အတည်ပြု ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

Nguyen Xuan Phuc မှာ သမ္မတအဖြစ် တာဝန်ယူစဥ်အတွင်း ၎င်း၏လက်အောက်မှ အစိုးရအရာရှိများ စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှုနှင့် မှားယွင်းလုပ်ကိုင်မှုတို့အတွက် ကွန်မြူနစ်ပါတီ၏ အပြစ်တင်မှုကို ခံခဲ့ရသည်။ 

ဗီယက်နမ်တွင် အစိုးရအရာရှိများကြား အဂတိလိုက်စားမှုကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့သည်။ 

သမ္မတသစ်ဖြစ်လာသူ Thuong ကလည်း ၎င်း၏ ပထမဆုံး မိန့်ခွန်းအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောခဲ့သည်။

ဗီယက်နမ်သမ္မတသစ်ဖြစ်လာသူ Thuong မှာ နိုင်ငံ၏ ဆုံးဖြတ်ချက်များကို ချမှတ်ပေးနေသော ထိပ်ဆုံးအဖွဲ့အစည်းဖြစ်သည့် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့တွင် အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်သည်။ 

Thuong က ကွန်မြူနစ်ပါတီ၏ ဝါရင့်ပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ နိုင်ငံရေးအလုပ်ကို တက္ကသိုလ်တွင် ကွန်မြူနစ်လူငယ်အဖွဲ့အစည်းများ၌ စတင်ခဲ့ကြောင်း သိရသည်။

Source: CNN