တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၀၀၀)ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၀၀၀)ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝိန်းကျောက် -  ဟောင်လိတ်သွား အနောက်လမ်းကြားတွင် လူငယ်(၂)ဦးထံမှ ကျပ်သိန်းပေါင်း (၂၀၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဟောင်လိတ် - ဝိန်းကျောက်သွားလမ်းတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ကျိုင်းစင်ချိုင်း(ခ)အိုက်ကျိုင်း နှင့် နေဟာမိ တို့ မောင်းလာပြီးသည့် ဆိုင်ကယ်(၂)စီးအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရှာဖွေရာ  မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ အလေးချိန် စုစုပေါင်း (၁၀)ကီလို ဝန်းကျင်ရှိသည့် Methamphetamine ( ice ) များဖြစ်ပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၂၀၀၀)ဝန်းကျင်ဟု သိရပြီး ကျိုင်းစင်ချိုင်း(ခ)အိုက်ကျိုင်း ထံက တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အသက်(၂၁)နှစ်ရှိ ကျိုင်းစင်ချိုင်း(ခ)အိုက်ကျိုင်း နှင့် အသက်(၁၉)နှစ်အရွယ်ရှိ နေဟာမိ တို့ (၂)ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပေါ်ပေါက်ရေးအတွက် စစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency