ရခိုင်ပြည်နယ်တွင် သေနတ်သံတိတ်နေသော်လည်း လုံးဝအာမခံချက်မပေးနိုင်ဟု AA ဆို

ရခိုင်ပြည်နယ်တွင် သေနတ်သံတိတ်နေသော်လည်း လုံးဝအာမခံချက်မပေးနိုင်ဟု AA ဆို
By Tachileik News Agency

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်၌ သေနတ်သံတိတ်နေသော်လည်း လုံးဝအာမခံချက်မပေးနိုင်ဟု ရက္ခိုင့်တပ်တော် AA ၏ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် ရက္ခိုင့်တပ်တော် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုအနေဖြင့် နည်းဗျူဟာအရ တစ်ဖက်တွင် အပစ်ရပ်ထားသော်လည်း တခြားတစ်ဖက်တွင် စစ်ရေးအရ လူ၊ ရိက္ခာ၊ လက်နက်အင်အားများ ဖြည့်တင်းခြင်းများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယင်းအပြင် တခြားတစ်ဖက်တွင်လည်း ULA/AA နှင့်ပတ်သက်၍ နိုင်ငံရေးအရ ပွတ်တိုက်မှုများ ဆက်လုပ်နေခြင်းများရှိနေပြီး အထူးသဖြင့် တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် တစ်ရွာဝင်၊ တစ်ရွာထွက်ကာ ULA/AA နှင့် မပတ်သက်ရန်၊ အဆက်အသွယ်မလုပ်ရန်၊ ကူညီထောက်ပံ့မှုမလုပ်ရန်နှင့် ULA/AA ကို တရားမဝင်အဖွဲ့အစည်းဟု ပြောဆိုနေခြင်းများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ အထူးသတိထား စောင့်ကြည့်နေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်၊ အပြုအမူတွေကို ဆက်လို့ဆိုးဆိုးဝါးဝါးလုပ်လို့ရှိရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်သွားနိုင်တဲ့ လမ်းကြောင်းပေါ် မှာ ရှိနေပါတယ်။

ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်အုပ်စုတို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတူညီမှုဖြင့် အပစ်ရပ်ထားသည်မှာ (၃) လကြာပြီဖြစ်သည်။

အပစ်ရပ်ထားရာတွင် အပြစ်မဲ့အရပ်သားများကို ပြန်လွှတ်ပေးရေး သဘောတူညီချက်ပါဝင်သော်လည်း လက်ရှိတွင် စစ်အုပ်စုဘက်က  ပြန်လွှတ်ပေးခြင်းမရှိပါက စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မှာ အတားအဆီးတစ်ရပ်သာ ဖြစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အပစ်ရပ်သဘောတူညီထားမှုတွင်ပါဝင်သည့် ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးခြင်း၊ အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပြီးမှသာ ဖြစ်ပေါ်လာသည့် တိုး တက်ပြောင်းလဲမှုအပေါ်မူတည်ပြီး လုပ်ဆောင်သွားရမည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။