စစ်ကောင်စီ၏ ဖမ်းဆီး ညှင်းဆဲမှုကြောင့် NLD ပါတီဝင်များ တိမ်းရှောင်နေရချိန်တွင် စစ်ကောင်စီလက်ပါးစေများက NLD ပါတီဝင်များအဖြစ် အယောင်ဆောင်ကာ ဆန္ဒပြမှု လုပ်ဆောင်

ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးရှေ့
ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးရှေ့
စစ်ကောင်စီ၏ ဖမ်းဆီး ညှင်းဆဲမှုကြောင့် NLD ပါတီဝင်များ တိမ်းရှောင်နေရချိန်တွင် စစ်ကောင်စီလက်ပါးစေများက NLD ပါတီဝင်များအဖြစ် အယောင်ဆောင်ကာ ဆန္ဒပြမှု လုပ်ဆောင်
စက်တင်ဘာ 21, 2022 | အခြားဒေသများ

စစ်ကောင်စီ၏ ဖမ်းဆီး ညှင်းဆဲမှုကြောင့် NLD ပါတီဝင်များ တိမ်းရှောင်နေရချိန်တွင် မန္တလေးတိုင်းအတွင်း ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးရှေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်ပါးစေများက NLD ပါတီဝင်အဖြစ် အယောင်ဆောင်ကာ အကြမ်းဖက်မှုအလိုမရှိကြောင်း ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။

၎င်းတို့သည် NLD ပါတီ၏ အမှတ်တံဆိပ်ပါသည့် အင်္ကျီများကို  ဝတ်ဆင်ကာ NUG၊ CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ် အကျိုးဆက်ကြောင့် NLD ပါတီဝင်များ သေဆုံးနေရသည်ဟု စာသား ကိုင်ဆောင်ထားကြသည်။

လက်ရှိ မြေပြင် အခြေအနေမှန်မှာ  PDF ၏ လုပ်ရပ်ကြောင့် NLD ပါတီဝင်များ သေဆုံးနေခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်များ၏ ဖမ်းဆီး ညှင်းပမ်းနှိပ်စက်မှုကြောင့် စွပ်စွဲခံ ပြည်သူများမှာ သတ်ဖြတ်ခံနေရခြင်း ဖြစ်သည်။ 

ဒါ့အပြင် “အမေစု ကျန်းမာပါစေ”နှင့် "NLD သည် အကြမ်းဖက်လုပ်ရပ်ကို အားမပေးပါ ရှုံ့ချသည်"ဟု ဖော်ပြသည့် စာသားကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့သည်ကို တွေ့ရသော်လည်း လက်တွေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးပြီး ထောင်တွင်း အကျဉ်းချထားခြင်း ဖြစ်သည်။ 

ယင်းဓာတ်ပုံများမှာလည်း စစ်ကောင်စီကို ထောက်ခံသူများမှ စတင် ဖြန့်ဝေလာသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်နှင့်ရဲတို့က NLD ပါတီဝင်မှန်သမျှ နီးပါးကို ဖမ်းဆီးမှုများ ပြုလုပ်နေ၍ NLD ပါတီဝင်များမှာ ပါတီ၏ အင်္ကျီများကိုပင် ရဲရဲတင်းတင်း ဝတ်ဆင်ကာ မြို့ထဲ သွားလာခြင်းများ မပြုလုပ်ရဲတော့သည့် အနေအထား ဖြစ်နေသည့် ကာလတွင် ယခုလို ထွက်ပေါ်လာခြင်းဖြစ်သည်မှာ အာဏာသိမ်းစစ်ကောင်စီကို အားပေးထောက်ခံသည့် စစ်မှုထမ်းဟောင်း နှင့် ပြည်ခိုင်ဖြိုးပါတီတို့က လုပ်ကြံဖန်တီးကြခြင်းသာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

 ချမ်းအေးသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးရှေ့ အယောင်ဆောင် ဆန္ဒပြသည့် ပုံများကိုလည်း စစ်ကောင်စီကို ထောက်ခံသည့် လူနည်းစုများက စတင်ဖြန့်ဝေလာခြင်းဖြစ်သည်ကိုလည်း တွေ့ရသည်။

#TachileiknewsAgency