စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား လေကြောင်းဖြင့် တိုက်ခိုက်နေသည့် မြန်မာစစ်တပ်က ရုရှားထံမှ ဂျက်တိုက်လေယာဥ်များ စတင် လက်ခံရရှိနေပြီဟုဆို

စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား လေကြောင်းဖြင့် တိုက်ခိုက်နေသည့် မြန်မာစစ်တပ်က ရုရှားထံမှ ဂျက်တိုက်လေယာဥ်များ စတင် လက်ခံရရှိနေပြီဟုဆို
By Mr John

 မြန်မာစစ်တပ်က ရုရှားလုပ် ဂျက်တိုက်လေယာဥ်များကို စတင်လက်ခံရရှိနေပြီဟု စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြောသည်။ 

အာဏာသိမ်းစစ်အုပ်စုက အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုနေစဥ် ရုရှားထံမှ တိုက်လေယာဥ် ပေးပို့လာခဲ့ခြင်းလည်း ဖြစ်သည်။

 ၂၀၁၈ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မြန်မာစစ်တပ်က ပြည်သူ့ဘဏ္ဍာငွေဖြင့် ရုရှားထံမှ Sukhoi Su-30 တိုက်လေယာဥ် (၆) စီး ဝယ်ယူခဲ့ကြောင်း ရုရှားအစိုးရသတင်းဌာနက ဖော်ပြသည်။

ဂြိုဟ်တုအချက်လက်များ၊ လေကြောင်းပျံသန်းမှု စောင့်ကြည့် အစီရင်ခံစာများနှင့် သတင်းရင်းမြစ်တစ်ခုက စစ်တပ်တည်ဆောက်ထားသည့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အနည်းဆုံး Sukhoi Su-30 တိုက်လေယာဥ်တစ်စီးရှိနေကြောင်း အတည်ပြုခဲ့သည်ဟု စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Witness က ပြောသည်။

အဆိုပါ ဂျက်တိုက်လေယာဥ်မှာ လေ့ကျင့်ရေးတွင်ရှိနေသည် သို့မဟုတ် တိုက်ခိုက်ရေးတွင် ပါဝင်နေသည်ဆိုခြင်းကို စောင့်ကြည့်အဖွဲ့က မပြောခဲ့ပေ။ 

ရုရှားသင်တန်းဆရာများ၊ နည်းပညာရှင်များနှင့်အတူ ဘက်စုံသုံး ထိုင်ခုံနှစ်လုံးတပ် တိုက်လေယာဥ် (၄) စီးနှင့် (၆) စီးကြား မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ယခင်က ဖော်ပြခဲ့သည်။

မြန်မာစစ်တပ်ကမူ ရုရှားက တိုက်လေယာဥ်ရောင်းချမှု သို့မဟုတ် နိုင်ငံတွင် ဂျက်တိုက်လေယာဥ် မည်မျှရှိနေကြောင်းတို့ကို မှတ်ချက်မပေးခဲ့ဟု ဆိုသည်။ 

ရုရှားက မြန်မာစစ်အုပ်စုကို အားပေးထောက်ခံပြီး စစ်လက်နက်ပစ္စည်းများ အဓိက ထောက်ပံ့နေသည့် နိုင်ငံဖြစ်သည်။ 

မြန်မာစစ်အုပ်စုကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ တရားမျှတသည်ဟု ထောက်ခံပြောကြားထားသည်။

စစ်ကိုင်တိုင်းမြောက်ပိုင်း နယ်မြေတွင် ရုရှားလုပ် Kamov KA-29TB တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီး စစ်ဆင်ရေးလုပ်နေသည့် ဓာတ်ပုံကို ရရှိခဲ့ကြောင်း အောက်တိုဘာလအတွင်း Jane's Defence Weekly မဂ္ဂဇင်းက ပြောသည်။ 

ထိုရဟတ်ယာဥ်မှာ မြန်မာစစ်တပ်က ယခုနှစ်အစောပိုင်းတွင် ရုရှားထံမှ ဝယ်ယူရန် သဘောတူညီခဲ့သည့် ရဟတ်ယာဥ် (၅) စီးအနက်မှ တစ်စီးဖြစ်ကြောင်းလည်း ဒေသဆိုင်ရာ ထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကားပြီး Jane's မဂ္ဂဇင်းက ဖော်ပြသည်။

စစ်အုပ်စုမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် ဆန့်ကျင်တော်လှန်သူများကို နှိမ်နင်းရန် ရုန်းကန်နေရသည်။ 

မြန်မာစစ်တပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်သာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်ပါ တိုက်ပွဲများဖြစ်ပွားနေသည်။ 

မြန်မာစစ်တပ်က အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိုသို့တိုက်ခိုက်မှုက စစ်ရာဇဝတ်မှုမြောက်သည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအိုင်အို တည်ထောင်ခြင်း (၆၂) နှစ်ပြည့် အထိမ်းအမှတ်အကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေစဥ် မြန်မာစစ်တပ်က တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများအပါအဝင် အနည်းဆုံး လူ (၅၀) သေဆုံးခဲ့သည်။ 

မြန်မာစစ်တပ်ကမူ သေဆုံးသူများတွင် အရပ်သားများ ပါဝင်သည်ဆိုသော သတင်းများမှာ ကောလာဟလများဖြစ်ကြောင်း ဗြောင်ကျကျ ပြောခဲ့သည်။

 

Source: AFP