စစ်ကောင်စီတပ်က ကန့်ဘလူခရိုင်ရှိ ကျေးရွာ (၅)ရွာမှ နေအိမ်အဆောက်အအုံ ၉၉ လုံးကို မီးရှို့

စစ်ကောင်စီတပ်က ကန့်ဘလူခရိုင်ရှိ ကျေးရွာ (၅)ရွာမှ နေအိမ်အဆောက်အအုံ ၉၉ လုံးကို မီးရှို့
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ (၅)ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့် ၂၀၂၃ ခုနှစ် ဧပြီလ (၂၉) ရက်နေ့မှ မေလ (၁) ရက်နေ့အထိ သုံးရက်အတွင်း စလူနေအိမ် အလုံး (၈၀)၊ စစ်ရှောင်တဲတိုက် (၁၅)လုံးနှင့် စာသင်ကျောင်း (၄)ကျောင်းတို့ကို မီးရှို့ခဲ့ကြောင်း သိရသည်။



စစ်ကောင်စီတပ်သည် လက်အောက်ခံ ပြည်သူ့စစ် (ပျူအဖွဲ့)နှင့်ပူးပေါင်း၍ ဧပြီလ (၂၉)ရက်နေ့တွင် ကန့်ဘလူခရိုင်အတွင်း ထန်းကုန်းတိုက်နယ်ရှိ သရက်ခေါင်းရွာ၊ မလည်တုကိနယ်ရှိ တရော်ကိုင်းရွာ၊ ကန်ကြီးရွာတို့ကို ဝင်ကာ မီးရှို့သဖြင့် စာသင်ဆောင် (၂) ဆောင်၊ နေအိမ် (၃)လုံးနှင့် စစ်ရှောင်တဲတိုက် (၁၅)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။



ယင်းနောက် ဧပြီလ ၃၀ ရက်နေ့တွင် ကန့်ဘလူခရိုင် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(မြောက်)ရွာ၊ သောက္ကန်ရွာတို့အား စစ်ကြောင်းထိုး မီးရှို့သဖြင့် နေအိမ် (၄၆)လုံး၊ စာသင်ဆောင် (၂)ဆောင်တို့ ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။



စစ်ကောင်စီတပ်သည် မေလ ၁ ရက်နေ့တွင် ဖိုလ်ကုန်းရွာအား စစ်ကြောင်းထိုးမီးရှို့မှုကြောင့် နေအိမ် (၃၁)လုံး မီးလောင်ဆုံးရှုံးသွားခြင်းဖြစ်သည်။



ကန့်ဘလူခရိုင်အတွင်း ဇီးကုန်းတိုက်နယ်မှ ဖိုလ်ကုန်းနှင့် သောက္ကန်ကျေးရွာတို့သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကို ဒုတိယအကြိမ်ခံရသည့် ကျေးရွားများဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဖိုလ်ကုန်းရွာမှ နေအိမ် (၈) လုံးနှင့် စာသင်ဆောင်တစ်ခု မီးလောင်ဆုံးရှုံးခဲ့ပြီး သောက္ကန်ရွာမှ နေအိမ် (၇၇) လုံးထိ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။



ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် စစ်ဘေးရှောင်ဦးရေ (၄)သောင်းကျော်ရှိရာမှ တိုးလာနေပြီး စစ်ဘေးရှောင်အချိုု့မှာ စစ်ကြောင်းဝေးသွားလျှင် ရွာသို့ပြန်ဝင်‌နေထိုင်သူများရှိပြီး အချို့မှာ ရွာထဲမနေရဲတော့ဘဲ နီးစပ်ရာတောထဲ တဲထိုး၍ နေထိုင်ကြရကြောင်း သိရသည်။