MNDAA စစ်ရေးအောင်မြင်ရန် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းမည်

MNDAA စစ်ရေးအောင်မြင်ရန် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းမည်
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ စစ်ရေးအောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် MNDAAနှင့် တသားတည်းရှိပြီး နောင်တော်တို့၏ စစ်ရေးအောင်မြင်စေရန်အတွက် ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး)က ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့အပြင် MNDAA၏ နိုင်ငံရေး၊ စစ်ရေးကြေညာချက်တို့အား ကြိုဆိုထောက်ခံကြောင်းနှင့် ပြည်သူတစ်ရပ်လုံးကို အနိုင်ကျင့်ဒုက္ခပေးနေသော စစ်ကောင်စီတပ် အမြစ်ပြတ်ခြေမှုန်းရေးတွင် MNDAA၏ ပိုမိုအားထည့်ပါဝင်လာမှုသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသောအထောက်အပံ့ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဟု ကြေညာခဲ့ပြီးနောက် ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်နှင့် လောက်ကိုင်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်ထားပြီး ချင်းရွှေဟော်မြို့ကိုလည်း ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency