ရုရှားက အမေရိကန်အပါအဝင် အနောက်အုပ်စုကို နျူကလီးယား သတိပေးပြီး နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီမှုများ ဆိုင်းငံ့

Photo: Sergei Bobylyov / Sputnik / AFP / Getty
Photo: Sergei Bobylyov / Sputnik / AFP / Getty
ရုရှားက အမေရိကန်အပါအဝင် အနောက်အုပ်စုကို နျူကလီးယား သတိပေးပြီး နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီမှုများ ဆိုင်းငံ့
ဖေဖော်ဝါရီ 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ယူကရိန်းနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်အုပ်စုကို နျူကလီးယား သတိပေးချက်တစ်ရပ် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ပြောဆိုခဲ့ပြီး သမိုင်းဝင် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ 

ထို့အပြင် ယူကရိန်းစစ်ပွဲအတွင်း မဟာဗျူဟာမြောက် စနစ်သစ်များကို တိုက်ခိုက်ရေးတွင် ထည့်သွင်း အသုံးပြုမည်ဖြစ်ကြောင်း ပူတင်က ကြေညာခဲ့ပြီး ရုရှားက နျူကလီးယားစမ်းသပ်မှုများ ပြန်လည်စတင်နိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ရုရှားသမ္မတပူတင်က ယူကရိန်းနှင့်စစ်ပွဲ တစ်နှစ်ပြည့်မည့် ဖေဖေါ်ဝါရီလ (၂၄) ရက်မတိုင်မီ အရေးပါသည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန် ပူတင်က အမိန့်ပေးခဲ့ပြီးနောက် ရုရှားနှင့် အနောက်အုပ်စုကြား ထိပ်တိုက်တွေ့မှုမှာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း အကြီးမားဆုံးလည်း ဖြစ်လာသည်။ 

ရုရှားအနေဖြင့် ၎င်း၏ စစ်ပွဲရည်မှန်းချက်များ အောင်မြင်မည့်အရေးကို အမေရိကန်အပါအဝင် အနောက်အုပ်စုက ရုရှားကို ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း ပူတင်က စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံတွင် တစ်နှစ်ကြာခဲ့ပြီဖြစ်သည့် ရုရှား၏စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမည်ဟုလည်း သမ္မတပူတင်က ပြောဆိုလိုက်ပြီး အမေရိကန် ဦးဆောင်သည့် NATO စစ်ရေးမဟာမိတ်အုပ်စုက ကမ္ဘာ့ထိပ်တိုက်ရင်ဆိုင်မှုတွင် ရုရှား ရှုံးနိမ့်နိုင်သည်ဟု မှားယွင်းယူဆကာ ပဋိပက္ခကို မီးလောင်ရာလေပင့် လုပ်နေကြကြောင်း စွပ်စွဲလိုက်သည်။

ရုရှားက အမေရိကန်နှင့် နောက်ဆုံးချုပ်ဆိုထားသည့် New START Treaty လက်နက်ထိန်းချုပ်ရေးစာချုပ်တွင် ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ပူတင်က ကြေညာခဲ့သည်။ 

"ဒီနေ့ ကျွန်တော် မဖြစ်မနေ ကြေညာရမှာက ရုရှားနိုင်ငံက မဟာဗျူဟာမြောက်လက်နက်များ လျှော့ချရေးသဘောတူစာချုပ် Strategic Arms Reduction Treaty မှာ ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်း ဖြစ်ပါတယ်" ဟု ပူတင်က ပြောခဲ့သည်။ 

ထိုစာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ရုရှားနိုင်ငံက မိမိတို့ ရင်ဆိုင်နေသည့် လုပ်ငန်းတာဝန်များကို ဂရုတစိုက်နှင့် မမှိတ်မသုန် တစိုက်မတ်မတ် ဖြေရှင်းသွားမည်ဟု သမ္မတပူတင်က ရုရှားနိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များကို ပြောခဲ့သည်။ 

ရုရှားက စစ်ပွဲကို ရှောင်ရှားရန် တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ခဲ့သော်လည်း အနောက်အုပ်စု ကျောထောက်နောက်ခံပြုထားသည့် ယူကရိန်းက ရုရှားထိန်းချုပ်နယ်မြေ ခရိုင်မီးယားဒေသကို တိုက်ခိုက်ရန် စီစဥ်နေခဲ့သည်ဟု ပူတင်က ဆိုသည်။

ခရိုင်မီးယားဒေသကို ရုရှားက ယူကရိန်းထံမှ ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်သည်။ 

"ယူကရိန်းပြည်သူတွေက ယူကရိန်းအစိုးရနဲ့ သူ့ရဲ့ အနောက်အုပ်စု အရှင်သခင်တွေရဲ့ ဓားစာခံ ဖြစ်လာကြရတယ်။ အနောက်အုပ်စုက ယူကရိန်းကို နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးအရ ထိထိရောက်ရောက် သိမ်းပိုက်ထားခဲ့တယ်" ဟုလည်း ရုရှားသမ္မတပူတင်က ယူကရိန်း-ရုရှားစစ်ပွဲ တစ်နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

"သူတို့က ဒေသတွင်း ပဋိပက္ခကို ကမ္ဘာ့ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအဖြစ် အဓိပ္ပါယ်ဖော်လိုကြတယ်။ ဒါကို ကျွန်တော်တို့ နားလည်ထားပြီး သင့်တော်သလို တုံ့ပြန်သွားမယ်" ဟု ပူတင်ကဆိုသည်။ 

ရုရှားကို အနိုင်ယူရန် မဖြစ်နိုင်ဟုလည်း ပူတင်က ပြောခဲ့သည်။ 

အနောက်အုပ်စုက ရုရှားပြည်သူများကို သွေးခွဲရန် ကြိုးပမ်းမှုများကို ရုရှားက မည်သည့်အခါမျှ အလျှော့ပေးသွားမည်မဟုတ်ကြောင်းနှင့် ရုရှားပြည်သူ အများစုက စစ်ပွဲကို ထောက်ခံကြကြောင်း ပူတင်က ဆိုသည်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနှင့်အတူ ယူကရိန်းတွင် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။ 

စစ်ပွဲကြောင့် နှစ်ဘက်စစ်သားများ သိန်းနှင့်ချီ သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ သန်းနှင့်ချီ ရှိခဲ့သည်။ 

ယူကရိန်း - ရုရှားစစ်ပွဲ၏ ဂယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စီးပွားရေးကိုလည်း ဆိုးကျိုးသက်ရောက်မှုများရှိနေခဲ့သည်။

ဆက်စပ်သတင်းအရ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းကို အားပေးထောက်ခံကြောင်းနှင့် ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲမှာ ဒီမိုကရေစီအတွက် တိုက်ပွဲတစ်ခုဖြစ်ကြောင်း ရည်ညွှန်းထားသည့် မိန့်ခွန်းတစ်ရပ်ကို ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ဖေဖေါ်ဝါရီလ (၂၁) ရက် နှောင်းပိုင်း၌ ပြောကြားသွားမည်ဟု သိရသည်။ 

အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းကို အားပေးထောက်ခံကြောင်း ပြသမှုအဖြစ် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်သို့ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က သွားရောက်ခဲ့သည်။

Source: Reuters