ရှီကျင့်ဖျင်၏ တတိယ သမ္မတ သက်တမ်း စတင်လိုက်မှုနှင့်အတူ အမေရိကန်ဈေးကွက်တွင် တရုတ် ရှယ်ယာဈေးနှုန်းများ ထိုးကျ

ရှီကျင့်ဖျင်၏ တတိယ သမ္မတ သက်တမ်း စတင်လိုက်မှုနှင့်အတူ အမေရိကန်ဈေးကွက်တွင် တရုတ် ရှယ်ယာဈေးနှုန်းများ ထိုးကျ
အောက်တိုဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ဖျင်က တတိယသမ္မတသက်တမ်းကို စတင်လိုက်ရာ အမေရိကန်စတော့ရှယ်ယာဈေးကွက်တွင် စာရင်းသွင်းထားသည့် တရုတ်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျသွားခဲ့ကြောင်း သိရသည်။ 

သမ္မတရှီကျင့်ဖျင်က တင်းကျပ်သည့် COVID-19 ကန့်သတ်ချက်များကို ဆက်လက်လုပ်ဆောင်မှုကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းသွားမည်ကို စိုးရိမ်နေကြသည်။

ရှီကျင့်ဖျင်အစိုးရမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်း၏ COVID-19 လုံးဝကင်းစင်ရေး zero-Covid မူဝါဒများကြား လွန်ဆွဲနေခဲ့သည်ဟု လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။ 

အောက်တိုဘာလ (၂၄) ရက်နေ့က နာမည်ကြီး တရုတ်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျခဲ့သည်ကို တွေ့ရသည်။ 

နယူးယော့ခ်စတော့အိတ်ချိန်းတွင် တရုတ်နည်းပညာလုပ်ငန်း ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Alibaba နှင့် Baidu တို့၏ စတော့ရှယ်ယာဈေးနှုန်းများ (၁၂) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

အောက်တိုဘာလ (၂၄) ရက်နေ့က Alibaba ၏ ရှယ်ယာဈေးနှုန်းမှာ စတော့အိတ်ချိန်း ပိတ်ချိန်တွင် (၁၂.၅) ရာခိုင်နှုန်းကျော် ထိုးကျခဲ့သည်။ 

ထိုနေ့အစောပိုင်းတွင် Alibaba ၏ ရှယ်ယာဈေးနှုန်းမှာ (၅၂) ပတ်အတွင်း အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။ 

ထို့အတူ တရုတ်အင်တာနက်ကုမ္ပဏီ Baidu ၏ ရှယ်ယာဈေးနှုန်းမှာလည်း (၁၂.၆) ရာခိုင်နှုန်းနှင့် e-commerce ကုမ္ပဏီ Pinduoduo ၏ ရှယ်ယာဈေးနှုန်းမှာ (၂၅) ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အကြိမ် (၂၀) မြောက် ကွန်မြူနစ်ပါတီညီလာခံကို အောက်တိုဘာလ (၁၆) ရက်မှ (၂၂) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်ကို သမိုင်းတွင်သည့် တတိယသမ္မတသက်တမ်းအတွက် ဆက်လက် အတည်ပြုခဲ့သည်။ 

ယခုအခါ ရှီကျင့်ဖျင်က မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံးခေါင်းဆောင် ဖြစ်လာပြီး အကန့်အသတ်မရှိ သမ္မတလုပ်ရန်လည်း လမ်းပွင့်သွားခဲ့သည်။

သမ္မတရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌအဖြစ်လည်း ဆက်လက် ရွေးချယ်ခံခဲ့ရသည်။ 

ပါတီညီလာခံအပြီးတွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၎င်းနှင့်အတူ နောက် (၅) နှစ်ကြာ အုပ်ချုပ်သွားမည့် ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို မိတ်ဆက်ခဲ့သည်။ 

သမ္မတရှီကျင့်ဖျင်က ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို ၎င်းအား သစ္စာခံသူများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

Source: BBC