Facebook ၏ မိခင်ကုမ္ပဏီ Meta က ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ရန် စီစဥ်နေ

 ပုံအညွှန်း - ကယ်လီဖိုးနီးယားပြည်နယ်ရှိ Facebook ၏ ရုံး
ပုံအညွှန်း - ကယ်လီဖိုးနီးယားပြည်နယ်ရှိ Facebook ၏ ရုံး
Facebook ၏ မိခင်ကုမ္ပဏီ Meta က ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ရန် စီစဥ်နေ
နိုဝင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Facebook ၏ မိခင်ကုမ္ပဏီ Meta Platforms Inc. က ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ  အလုပ်ထုတ်ပယ်မှုများ ယခုသီတင်းပတ်အတွင်း စတင်ရန် စီစဥ်နေကြောင်း Wall Street Journal က ထိုကိစ္စကို သိရှိထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး  ဖော်ပြထားသည်။ 

ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်မည့်အကြောင်းကို Meta က အစောဆုံး နိုဝင်ဘာလ (၉) ရက်တွင် ကြေညာချက်ထုတ်ပြန်မည်ဟု ဆိုသည်။

 ပုံအညွှန်း - ကယ်လီဖိုးနီးယားပြည်နယ်ရှိ Facebook ၏ ရုံး

Wall Street Journal သတင်းနှင့် ပတ်သက်၍ Meta က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ 

Facebook ၏ မိခင်ကုမ္ပဏီ Meta က အောက်တိုဘာလအတွင်း ခန့်မှန်းမှုအရ လာမည့်နှစ်တွင် ကုန်ကျစရိတ်များ သိသိသာသာ ပိုများလာပြီး Meta ၏ စတော့ဈေးကွက်တန်ဖိုး လျော့ကျသွားမည်ဟု ဆိုသည်။

စက်တင်ဘာလကုန်အထိ စာရင်းများအရ Meta ကုမ္ပဏီတွင် ဝန်ထမ်းအရေအတွက် (၈၇,၀၀၀) ကျော်ရှိကြောင်း သိရသည်။ 

ကုမ္ပဏီအရာရှိများက ဝန်ထမ်းများကို ယခုသီတင်းပတ်မှစပြီး မလိုအပ်ဘဲ ခရီးမသွားကြရန် ပြောထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

Meta က ကုမ္ပဏီသက်တမ်း (၁၈) နှစ်အတွင်း ပထမဆုံးအကြိမ် ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ပယ်မှုလည်း ဖြစ်လာမည်ဟု ဆိုသည်။

Meta ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က လူအများ နေထိုင်နိုင်၊ အလုပ် လုပ်ကိုင်နိုင်၊ ဈေးရောင်း ဈေးဝယ်လုပ်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုဆက်ဆံနိုင်သည့် metaverse ခေါ် ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ စီမံကိန်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေသည်။ 

Metaverse ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ကို ခံစားရရှိရန် ဆယ်စုနှစ်တစ်ခုခန့် ကြာမည်ဟု ဇူကာဘတ်က ခန့်မှန်းထားသည်။

တစ်ချိန်တည်းတွင် ဇူကာဘတ်က ဝန်ထမ်းခေါ်ယူမှုများ ရပ်ဆိုင်းထားခြင်း၊ စီမံကိန်းများ ပိတ်သိမ်းခြင်းနှင့် ကုန်ကျစရိတ်လျှော့ချရန် ဌာနများ ပြန်လည်ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်ခဲ့သည်။ 

Meta က ပညာရှင်ဝန်ထမ်းများ ခေါ်ယူမှုကို (၃၀) ရာခိုင်နှုန်း လျှော့ချသွားမည်ဟု ဇွန်လအတွင်း ပြောခဲ့ပြီး ဇူကာဘတ်ကလည်း စီးပွားရေးကျဆင်းမှုအတွက် ပြင်ဆင်ကြရန် ဝန်ထမ်းများကို သတိပေးထားသည်။

အတိုးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် ဥရောပတွင် စွမ်းအင်အကျပ်အတည်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရာ Meta အပြင် Microsoft ၊ Twitter နှင့် Snap အပါအဝင် နည်းပညာကုမ္ပဏီများကလည်း ဝန်ထမ်းအင်အားနှင့် ဝန်းထမ်းသစ်ခေါ်ယူမှု လျှော့ချမှုများ လုပ်ဆောင်နေကြသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း Twitter ပိုင်ရှင်သစ် ပိုင်ရှင်သစ် အီလွန်မက်စ်က ကုမ္ပဏီ၏ ဝန်ထမ်းအင်အားကို ထက်ဝက် လျှော့ချခဲ့သည်။

Source: WSJ, Reuters, Investing