တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို  ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ဖွင့်မည်

မယ်ဆိုင်ဘက်က တွေ့မြင်ရသည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား
မယ်ဆိုင်ဘက်က တွေ့မြင်ရသည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား
တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို  ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ဖွင့်မည်
ဖေဖော်ဝါရီ 19, 2023 | ရှမ်းရှေ့

 Covid-19 ကြောင့် (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ နှင့် ထိုင်းဘက်တို့က အလျှို့ဝှက် အတည်ပြုထားပြီး ချစ်ကြည်ရေး အမှတ်(၁)တံတားအလယ်တွင် နှစ်ဖက် တာဝန်ရှိသူများ တွေ့ဆုံကာ ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဖွင့်လှစ်ရန် မြန်မာ နှင့် ထိုင်း  နှစ်ဖက် သဘော တူညီထားရှိပြီးသလို တာချီလိတ်တပ်နယ်နှင့်ထိုင်းဘက်ကလည်း အတည်ပြုထားပြီးဖြစ်သော်လည်း တံတားဖွင့်မည့် သတ်မှတ်ရက်ကိုတော့ သတင်းမီဒီယာများတွင် မဖော်ပြသေးရန် ပိတ်ပင်ထားကြောင်း သိရသည်။

"ထိုင်းဘက်က တံတားမှာ တရားနာတာ အလှူလုပ်တာတွေကို စောစောလုပ်ပြီးရင် တံတားအလယ်မှာ နှစ်ဖက်အကြီးအကဲတွေ တွေ့ဆုံမယ့် အစီအစဉ်တော့ရှိတယ်။ တံတားဖွင့်မဲ့ ကိစ္စကိုတော့ သက်ဆိုင်ရာတွေက လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားကြတယ်။ ဒီကိစ္စက အားလုံးလိုလားတောင်းတ နေတဲ့ ကိစ္စပါ။ ဒီတံတား(၁) ဖွင့်မှ လက်လုပ်လက်စား ဘဝသမားတွေအတွက် အလုပ်အကိုင်နဲ့စီးပွားရေးတွေ ပြန်ပြေလည်မယ်လို့ ယုံကြည်ထားကြတယ်"ဟု  အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ပြောသည်။

 

အဆိုပါ တံတား ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၇)နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ထိုင်းဘက် ဒုတိယ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး  နိုင်း ဆွမ်ဝမ် ဘွန်လရောင် နှင့် အဖွဲ့တက်ရောက်မည် ဖြစ်သလို မြန်မာဘက်က စစ်ဗျူဟာမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်နိုင်ခြေရှိသည်ဟု သိရသည်။

လတ်တလောတွင် ချစ်ကြည်ရေးအမှတ်(၁)တံတားဖွင့်ချိန်အား ယခင်ကလို ည(၉)နာရီအထိ မဟုတ်ဘဲ နေ့စဉ် နံနက် (၆)နာရီမှ ည(၆)နာရီအထိသာ သတ်မှတ်ထားသေးကြောင်း သိရသည်။

ယခုအခါ တံတား(၁) ပြန်လည်ဖွင့်လှစ်ရာတွင် စစ်ဆေးမှုများကို အထူးကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ ယခင်ဖွဲ့စည်းပုံ အတိုင်း မဟုတ်တော့ဘဲ  လုံခြုံစစ်ဆေးကိစ္စရပ်များကို ပြောင်းလဲ ဖွဲ့စည်းထားရှိကြောင်း သိရသည်။

ချစ်ကြည်ရေးအမှတ်(၁) တံတားကနေ သွားရောက်သူများကို မည်သို့ သတ်မှတ်ချက် ထားရှိသည်ကိုတော့ လတ်တလောတွင် မသိရသေးပေ။



၂၀၂၂ခုနှစ်၏ နှစ်ဝက်ကတည်းက Covid-19 များ တည်ငြိမ်သွား၍ ပြည်သူများအကျိုးမျှော်ကိုးပြီး ထိုင်းဘက်က အဆိုပါတံတားကို ဖွင့်လှစ်ရန် နည်းလမ်းမျိုးစုံဖြင့် ကမ်းလှမ်းခဲ့သော်လည်း မြန်မာဘက်က အဆိုပါ တံတားကနေ ထွက်ပြေးတိမ်းရှောင်သူများနှင့်လက်နက်များ သယ်ဆောင်မှုများရှိနိုင်၍ဟုဆိုကာ အကြောင်းပြပြီး အချိန်ဆွဲထားခဲ့ရာမှ ယခု ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်ဖြစ်သည့် ဦးအောင်ဇော်အေး၏ တာချီလိတ်ခရီးစဉ်အတွင်း၌ တံတားဖွင့်လှစ်ရန် အကြောင်းပေါ်လာခြင်းလည်းဖြစ်သည်။





Photo: Narong Chaitarak