( ပေးစာ ) တာချီလိတ်ဒေသအတွင်း လူသတ် ခိုးဆိုး လုယက်သူများကို  နှိမ်နင်း   ပေးနိုင်ပါရန် အကူအညီတောင်းခံခြင်း

( ပေးစာ ) တာချီလိတ်ဒေသအတွင်း လူသတ် ခိုးဆိုး လုယက်သူများကို  နှိမ်နင်း   ပေးနိုင်ပါရန် အကူအညီတောင်းခံခြင်း
ဒီဇင်ဘာ 10, 2023 | ရှမ်းရှေ့
By တာချီလိတ်မြို့နေ ပြည်သူတစ်ဦး

 

 

သို့

ဦးရဲနိုင် ( ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)  )

ဗိုလ်မှူးကြီး သူရဇော်လွင်စိုး ( စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် )

ရဲမှူးကြီး အေးသိန်း ( ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) )

 

အကြောင်းအရာ                ။                       ။ တာချီလိတ်ဒေသအတွင်း လူသတ် ခိုးဆိုး လုယက်သူများကို  နှိမ်နင်း  

ပေးနိုင်ပါရန် အကူအညီတောင်းခံခြင်း

                                         တာချီလိတ်မြို့နေပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ငှဲ့ညှာပေးသည့် အနေဖြင့် တာချီလိတ်ဒေသအတွင်း နေ့စဉ် နီးပါးဖြစ်ပွားနေသည့် ခိုးဆိုးလုယက်မှုနှင့် လူ့အသက် အန္တရာယ်ပြုပြီး လုယက်နေမှုများကို စုံစမ်းဖော်ထုတ်ပေးနိုင်ပါရန် ပြည်သူတစ်ဦး အနေဖြင့်် တောင်းဆိုလိုက်ပါသည်။

 

တာချီလိတ်မြို့နေ အခြေခံလူတန်းစားများ အနေဖြင့် နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် ပူပန်နေရသည့်အပြင် သူခိုးဓါးပြရန်ကိုလည်း ကြောက်နေရပါသည်။ ယခုဆိုလျှင် ဆိုင်ကယ်ဖြင့် နေ့ဖြစ်စေ၊ ညဖြစ်စေ အပြင်ကို မထွက်ရဲလောက်သည် အထိ သူခိုး ဓါးပြများ၏ အတင့်ရဲ သောင်းကျန်းမှုများမှာ ဒေသတွင်း သက်ဆိုင်ရာများက ဘေးမဲ့ပေးထားသည့်အလား ဖြစ်နေပါသည်။

 

ကျွန်တော်တို့လို အခြေခံလူတန်းစား တစ်နေ့လုပ် တစ်နေ့စားများ အနေဖြင့် ဆိုင်ကယ်တစ်စီး ဝယ်ရန်မှာ မလွယ်ကူသလို ကျွန်တော်တို့ကို မှီခိုနေသည့် မိသားစုတသိုက်လည်း ရှိသေးသည့်အပြင် တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားများဖြင့် နေထိုင်သူများပြီး ရိုးသားစွာ ရှာဖွေ စားသောက်နေရသည့် အခြေခံလူတန်းစားများ အတွက် အကာအကွယ် လိုအပ်ပါသည်။

 

တာချီလိတ်မြို့တွင် ယခင်ကဆိုလျှင် ဆိုင်ကယ်ပဲ လုယက်သော်လည်း ယခုအခါတွင် လူကို သွေးထွက်တန်ယို ဖြစ်စေသည့်ကနေ အသက်သေစေသည်အထိ ခုတ်ထစ် လုယက်မှုများသည် ညဖက် အလုပ်က ပြန်လာသူများအတွက် အထူး(အထူး) စိုးရိမ်ဖွယ်ဖြစ်နေပါသည်။ 

 

တာချီလိတ်မြို့ဆိုသည်မှာ နေ့ပိုင်းထက် ညပိုင်းအလုပ်များပါသည်။ အလုပ်အချိန်နှင့် ပတ်သက်ပြီး နံနက်စောလွန်းလို့ ညမိုးချုပ်လွန်းလို့ဆိုပြီး အလုပ်ချိန်ရွေးလို့လဲ မရပါ။ ဆိုင်ကယ်လုသူများမှာ ဆိုင်ကယ်လုယုံတင် မဟုတ်ဘဲ လူကို ဓါးဖြင့် ထိုးခြင်း၊ ဓါးဖြင့် ခုတ်ခြင်းများကြောင့် ကျွန်တော်တို့လို လက်လုပ်မှ ပါးစပ်လှုပ်ရသည့် လူတန်းစားများအဖို့ ဆိုင်ကယ်ထက် ကျွန်တော်တို့ရဲ့ အသက်ဟာ တန်ဖိုးမရှိတော့သလို ဖြစ်နေရပါပြီ။

 

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍  တာချီလိတ်မှ တာဝန်ရှိသူများမှာ ဒေသတွင်းနေ ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခြင်း ကာကွယ်ပေးခြင်း မရှိ၍ ရည်ညွှန်းပါ လူကြီးမင်းများ ထံသို့ ဦးတည်ကာ အကူအညီ တောင်းခံခြင်းဖြစ်သည့်အတွက် လူကြီးမင်းများ အနေဖြင့် တာချီလိတ်မြို့နေ ပြည်သူများ၏ စားဝတ်နေရေးနှင့် အသက်ဘေးအန္တရာယ် စိတ်ချရေးအတွက် အသက်အန္တရာယ် ခြိမ်းခြောက်ပြီး လုပ်ဆောင်နေသည့် ခိုးဆိုးလုယက်ဓါးပြများကို နှိမ်နင်းပေးနိုင်ပါရန် တာချီလိတ်မြို့နေပြည်သူများကိုယ်စား အကူအညီတောင်းခံသည့်အနေဖြင့် Tachileik News Agency ကနေ တဆင့် တင်ပြလိုက်ပါသည်

တာချီလိတ်မြို့နေ ပြည်သူတစ်ဦး

၁၀.၁၂.၂၀၂၃၊ တနင်္ဂနွေနေ့