တာချီလိတ်မြို့တွင် တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်လိုပါက ဆက်သွယ် စာရင်းပေးသွင်းနိုင်

တာချီလိတ်မြို့တွင် တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်လိုပါက ဆက်သွယ် စာရင်းပေးသွင်းနိုင်
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်လိုပါက ဆက်သွယ် စာရင်းပေးသွင်းနိုင်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားမဝင် နေထိုင်နေသည့် ထိုင်းနိုင်ငံသားများ တရားဝင် နေရပ်ပြန်နိုင်ရေးအတွက် မြန်မာ - ထိုင်းနယ်ခြားကော်မတီ (TBC) ထံ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
 
“ထိုင်းဘက်က တရားဝင်စာရွက်စာတမ်း မရှိတဲ့သူတွေကို ချောင်းဖြတ်ကူးတာမျိုး မဟုတ်ဘဲနဲ့ ပြန်လွှဲပေးဖို့ ညှိနှိုင်းလာတယ်။ ချောင်းဖြတ်ကူးလို့ရှိရင် ရောဂါလည်း စစ်လို့မရသလို သူတို့မသိလိုက်မှာစိုးလို့။ စာရွက်စာတမ်း မရှိတဲ့သူတွေကို မြန်မာနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်ပြီးတော့မှ တရားဝင်လမ်းကြောင်းကနေ လွှဲပေးဖို့ ညှိနှိုင်းလာတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ ပြောသည်။
တာချီလိတ်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ဝင်လာပြီး အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသူ (၁၀)ဦးသည် ထိုင်းဘက်သို့ ခိုးဝင်ပြန်သွားပြီး quarantine မနေဘဲသွားလာနေရာမှ COVID 19 ပိုးတွေ့ရသဖြင့် ဒေသများစွာတွင် ရာပေါင်းများစွာသော ထိတွေ့သူများ တွေ့ရှိရပြီးနောက် ထိုင်းနိုင်ငံသားများ တာချီလိတ်ဘက်မှ ခိုးဝင်လာခြင်းကို နည်းမျိုးစုံဖြင့် တားဆီးရန် ထိုင်းဘက်က ကြိုးစားလာခြင်းဖြစ်သည်။
တရားဝင်အထောက်အထားမရှိသည့် တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက စာရင်းပေးသွင်းလာနိုင်ပြီး မြန်မာနိုင်ငံ၏ လဝက ဥပဒေဖြင့် ရေးယူပြီးနောက်  ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းမည်ဟု သိရသည်။
“COVID ကာလဆိုတော့ အရေးယူတာကိုတော့ ဒီဘက်က သက်ဆိုင်ရာဌာနကတွေက မြန်မြန်ဆန်ဆန်လေးလုပ်ကြဖို့တော့ ညှိနှိုင်းထားတယ်။ မြန်မြန်အရေးယူ၊ ပြစ်ဒဏ်ချပြီး ပြန်ပို့မယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
တာချီလိတ်ဘက်သို့ တရားဝင်ရောက်နေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးသို့ဆက်သွယ်ပြီးပါက တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းဖြင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ထိုင်းဘက်က ပြန်လည်လက်ခံနေကာ နေရပ်ပြန်ထိုင်းများအား (၁၄)ရက် အသွားအလာကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
တာချီလိတ်သို့ နယ်စပ်ချောင်းမှ တရားမဝင် ရောက်ရှိလာပြီး နေထိုင်ကာ အလုပ် လုပ်ကိုင်နေသူများအနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်လိုပါက မြန်မာဘက်တွင် ကူညီပေးနေသည့် TBC ၏ ဖုန်းများဖြစ်သည့် ကိုဂျွန်ထွန်း  မြန်မာဖုန်း - 095241687 နှင့် ထိုင်းဖုန်း 0906752188 အပြင်၊ ကိုရဲကျူး မြန်မာဖုန်း 09455589090  သို့ ဆက်သွယ်မေးမြန်းကာ စာရင်းပေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~