ဆေးရုံအုပ်နှင့်ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေသည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို ယာယီဆေးရုံအုပ်စေလွှတ်ပြီး ပြန်ဖွင့်မည်

ဆေးရုံအုပ်နှင့်ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေသည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို ယာယီဆေးရုံအုပ်စေလွှတ်ပြီး ပြန်ဖွင့်မည်
ဧပြီ 26, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြိုရှိ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်းများက CDM ပြုလုပ်ဆောင်နေသော်လည်း ယာယီဆေးရုံအုပ်ထားရှိပြီး ကျန်းမာရေးဝန်ထမ်း (၂၄)ဦးဖြင့် ဆေးရုံဖွင့်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် မြို့မိမြိုဖများက ဆေးရုံသော့များကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ် (ယာယီ)အဖြစ် တာဝန်ပေးခံရသည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒုပြည်နယ်မှူး ဒေါက်တာအောင်မြင့်ထွန်းထံ ဧပြီလ (၂၅) ရက်နေ့က အပ်နှံပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်မှ ကျန်းမာရေးဝန်ထမ်းအများစုသည် စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ်လို၍ CDM ပြုလုပ်နေကြသဖြင့် ဆေးရုံအားပိတ်ထားသည်ကို မြို့မိမြို့ဖများက တံခါးဖွင့်၍ ဆေးဝင်သုတ်ရန်စီစဉ်ခဲ့ရာ မြို့လူထုကန့်ကွက်မှုနှင့်ကြုံနေရစဉ် စစ်တပ်က အင်အားအသုံးပြု၍ တံခါးဖျက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်သည့်အပြင် မိမိတို့၏အစိုးရတစ်ရပ်အား COVID 19 ကာလအတွင်း ခက်ခဲစွာ ဆန္ဒမဲပေးခဲ့ရွေးချယ်ခဲ့ကြသည့် ပြည်သူတို့၏ ရွေးကောက်ပွဲရလဒ်များကို ဖျက်ဆီးခံရသဖြင့် စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများနှင့်အတူ ရပ်တည်၍ ပြည်သူ့ဝန်ထမ်းများက  CDM လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သမားတော် ဒေါက်တာ နေလင်းအောင် နှင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားကြောင်း စစ်တပ်ပိုင်မီဒီယာက ကြေညာသွားသည်။