နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မယ်ဆိုင်တွင် ယာယီတည်းခိုခြင်းအား ကန့်ကွက်မှုများကြုံ၍ နှစ်နိုင်ငံခရိုင်အဆင့် ညှိနှိုင်းဖြေရှင်းပေးရ

နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မယ်ဆိုင်တွင် ယာယီတည်းခိုခြင်းအား ကန့်ကွက်မှုများကြုံ၍ နှစ်နိုင်ငံခရိုင်အဆင့် ညှိနှိုင်းဖြေရှင်းပေးရ

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားအများအပြားရှိရာ စမုစခွန်ဒေသတွင် COVID 19 ဒေသတွင်း ကူးစက်မှုတွေ့လာပြီးနောက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့က တာချီလိတ်ဘက် ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၇၀)မှာလည်း မယ်ဆိုင်ဘက်တွင် ခေတ္တတည်းခိုရာ၌ ကန့်ကွက်ခံမှုများကြုံရသဖြင့် နှစ်နိုင်ငံခရိုင်အဆင့် ဆက်သွယ်ညှိနှိုင်း ဖြေရှင်းပေးထားရကြောင်း  သိရသည်။

 ပြည်တော်ပြန်တွေကို (၂၃) ရက်နေ့နောက်ဆုံးထားပြီး မယ်ဆိုင်က ဘုန်းကြီးကျောင်းကို ခေါ်တဲ့အချိန်မှာ ရပ်ကွက်က ပြည်သူတွေက ဘုန်းကြီးကျောင်းထဲပေးမဝင်ဘူး။ စမုစခွန်ဘက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ COVID ကူးစက်ခံထားရတော့ ဒီဘက်မှာ ပါလာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လက်မခံတာပေါ့။ ဒီဘက်က ခရိုင်အုပ်ချုပ်ရေးမှူးဆီလည်း သတင်းပို့၊ မယ်ဆိုင်အုပ်ချုပ်ရေးမှူးဆီလည်း သတင်းပို့လိုက်တယ်။ သူတို့လာပြီး ဖြေရှင်းပေးတယ်

ဟု မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးသန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့၌ ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများသည်  မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းအတိုင်း  ၂၀၂၀ ခုနှစ်၊ မတ်လကုန်ဝန်းကျင်မှစပြီး ပြန်လည်ဝင်ရောက်လာကြရာတွင် နယ်စပ်မှ ဖြတ်သန်းခွင့်ပြုမည့်နေ့အမှီ ထိုင်းနိုင်ငံတွင်း ဒေသအသီးသီးမှနေ၍ မယ်ဆိုင်သို့ လာရောက် စောင့်ဆိုင်းကာ နေရပ်ပြန်နေကြခြင်းဖြစ်သည်။

မယ်ဆိုင်သို့ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မယ်ဆိုင်မြို့ရှိ ပီယဖောင်းဘုန်းတော်ကြီးကျောင်းဝင်း၌ ယာယီတည်းခိုနေထိုင်ကြလေ့ရှိသော်လည်း လတ်တလောတွင် ထိုင်းနိုင်ငံတွင်း COVID 19 ကူးစက်မှုများရှိနေရာ ဘုန်းတော်ကြီးကျောင်းဝန်းကျင်မှ ရပ်ကွက်နေသူများက စိုးရိမ်၍ ကန့်ကွက်မှုများ ရှိလာခြင်းဖြစ်သည်။

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၇၀)ဦးမှာ ဒီဇင်ဘာလ (၂၄)ရက်နေ့၌ တာချီလိတ်ဘက်သို့ နေရပ်ပြန်ရန် နှစ်နိုင်ငံတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ၎င်းတို့အား တာချီလိတ်ဘက်တွင် RDT ဖြင့် စစ်ဆေးပေးရာ COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။