တာချီလိတ်မြို့တွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူရန် ကြိုးစားမှုဖြစ်ပွားပြီး   လူငယ်တစ်ဦး ဦးခေါင်းတွင် ဓါးဒဏ်ရာကြောင့် (၁၄)ချက် ချုပ်လိုက်ရ

တာချီလိတ်မြို့တွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူရန် ကြိုးစားမှုဖြစ်ပွားပြီး   လူငယ်တစ်ဦး ဦးခေါင်းတွင် ဓါးဒဏ်ရာကြောင့် (၁၄)ချက် ချုပ်လိုက်ရ
ဖေဖော်ဝါရီ 16, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့  လွယ်စတုံရွာအဝင်တံတားအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်က ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုရန် လုပ်ဆောင်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦး ဦးခေါင်းတွင် ဓါးဒဏ်ရာ ရရှိ၍ စုစုပေါင်း (၁၄)ချက် ချုပ်လိုက်ရကြောင်း သိရသည်။ 

ဓါးဖြင့်ခုတ်ခံရသူ လူငယ်မှာ ဦးခေါင်း(၂)ဖက်စလုံးတွင် ခုတ်ခံထားရခြင်း ဖြစ်ပြီး တစ်ဖက်မှာ ဓါးဒဏ်ရာရှည်သည့်အတွက် (၈)ချက်ဝန်းကျင် ချုပ်ရပြီး ကျန်တစ်ဖက်မှာ (၆)ချက် ချုပ်လိုက်ရကြောင်း သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။ 

ဓါးဖြင့် ခုတ်ခံရသူမှာ အသက်(၁၆)နှစ်အရွယ်သာရှိသေးကြောင်း နှင့် လုယက်ရန် ကြံစည်ပြီး ဓါးဖြင့်ခုတ်သူမှာလည်း အမျိုးသား(၂)ဦးဖြစ်ပြီး ဓါးရှည်များ ကိုင်ဆောင်ထားသူဖြစ်သည်ဟု သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေပြီး ဓါးဖြင့်ခုတ်ခံရမှုသည် နေ့စဉ် နီးပါး ဆက်တိုက်ဖြစ်ပွားနေလျှက်ရှိသည်။

 



တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ညပိုင်းက လည်းကောင်း၊  ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းကလည်း လည်းကောင်း၊  ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကလည်းကောင်း ဓါးဖြင့်ခုတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ဓါးဖြင့်ခုတ်ခံရမှု (၂)ကြိမ် ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်နှင့် ညအချိန်များပါ လမ်းများပေါ်တွင် ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။