တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ခံရမှု ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ခံရမှု ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ
ဖေဖော်ဝါရီ 16, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ခံရမှု  ဖေဖော်ဝါရီလ၏ ဒုတိယပတ်အတွင်း၌ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၁)ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီး၌ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ညပိုင်းက ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးကို အမျိုးသား(၃)ဦးက လမ်းတွင် တားမြစ်ပြီး ဓါးဖြင့် ခုတ်သည့်အတွက် ဦးခေါင်းနှင့် လက်တို့တွင် ဓါးဒဏ်ရာများ ရရှိသွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းကလည်း ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ လူငယ်တစ်ဦး ဦးခေါင်းကို ရိုက်ခံထားရသည့် ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ လူ(၂)ဦး ဦးခေါင်းကို အရိုက်ခံထားရမှုလည်း ဖြစ်ပွားသေးသည်။

ဆက်လက်၍ ဖေဖော်ဝါရီလ(၁၆)ရက်နေ့အကူး နံနက်(၁)နာရီခွဲဝန်းကျင်အချိန်ကလည်း တာချီလိတ်မြို့ တရားရုံးလမ်းဆုံ လမ်းမကြီးပေါ်တွင် အမျိုးသားတစ်ဦး ဓါးဖြင့်ခုတ်ခံရမှု ဖြစ်ပွား၍ ဦးခေါင်းနှင့်ခါးတို့မှာ ဓါးဒဏ်ရာများရရှိသွားခဲ့သည်။

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်နှင့် ညအချိန်များပါ လမ်းများပေါ်တွင် ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း