မကြာမီ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်လာမည့် အိန္ဒိယနိုင်ငံတွင် လူဦး‌ရေမည်မျှရှိကြောင်း မသိဟုဆို

မကြာမီ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်လာမည့် အိန္ဒိယနိုင်ငံတွင် လူဦး‌ရေမည်မျှရှိကြောင်း မသိဟုဆို
ဖေဖော်ဝါရီ 16, 2023 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံက (၂) လအတွင်း တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမည်ဟု ခန့်မှန်းထားသော်လည်း လူဦးရေစာရင်း မကောက်ယူနိုင်မှုကြောင့် အိန္ဒိယတွင် လူဦးရေ မည်မျှရှိကြောင်း မသိရှိခဲ့သည်မှာ အနည်းဆုံး (၁) နှစ် သို့မဟုတ် ထိုကာလထက်ပိုကြာနိုင်သည်ဟု ဆိုသည်။ 

အိန္ဒိယနိုင်ငံက ဆယ်စုနှစ် (၁) ခုလျှင် တစ်ကြိမ် လူဦးရေစာရင်း ကောက်ယူလေ့ရှိပြီး ပုံမှန်အားဖြင့် ၂၀၂၁ ခုနှစ်တွင် လူဦးရေစာရင်းကောက်ယူရန်ဖြစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်းနှင့် ယခုကာလအတွင်း၌လည်း လူဦးရေစာရင်း ကောက်ယူနိုင်ဦးမည် မဟုတ်ကြောင်းလည်း သိရသည်။ 

အိန္ဒိယတွင် လူဦးရေစာရင်းကောက်ယူခြင်းဖြင့် သိရှိနိုင်သည့် အလုပ်အကိုင်၊ အိုးအိမ်၊ စာတတ်မြောက်မှု၊ ရွှေ့ပြောင်းနေထိုင်မှုများနှင့် မွေးကင်းစကလေး သေဆုံးမှုကဲ့သို့ အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်ရန် ရွှေ့ဆိုင်းရခြင်းက လူ့အဖွဲ့အစည်းနှင့်စီးပွားရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရာတွင် ထိခိုက်စေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ 

အိန္ဒိယနိုင်ငံ၏ လူဦးရေစာရင်းကို ၂၀၁၁ ခုနှစ်တွင် နောက်ဆုံး ကောက်ယူထားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂကမူ အိန္ဒိယနိုင်ငံ၏ လူဦးရေမှာ ၂၀၂၃ ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် (၁,၄၂၅,၇၇၅,၈၅၀) (၁.၄၃ ဘီလီယံ) ရှိလာမည်ဟု ခန့်မှန်းထားပြီး ထိုနေ့တွင် တရုတ်နိုင်ငံ၏ လူဦးရေကို ကျော်လွန်သွားမည်ဟု ဆိုသည်။

 ၂၀၁၁ ခုနှစ် လူဦးရေစာရင်းအရ အိန္ဒိယတွင် လူဦးရေ (၁.၂၁) ဘီလီယံရှိခဲ့ရာ (၁၂) နှစ်အတွင်း လူဦးရေ သန်း (၂၁၀) တိုးလာသည်ဟု ဆိုနိုင်သည်။ ထိုနှစ်များအတွင်း အိန္ဒိယတွင် တိုးလာသည့်လူဦးရေမှာ ဘရာဇီးနိုင်ငံ၏ လူဦးရေနီးပါးလည်း ဖြစ်သည်။

အိန္ဒိယတွင် လူဦးရေစာရင်းကောက်ယူမှုကို အစိုးရကျောင်းများမှ ဆရာ/ဆရာမ (၃၃၀,၀၀၀) ခန့်က နိုင်ငံတဝန်းရှိ နေအိမ်များအားလုံးသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် သွားရောက်၍ ပထမအဆင့် လုပ်ဆောင်ကြသည်။ 

ထို့နောက် ဒုတိယအဆင့်အဖြစ် ထိုနေအိမ်များအားလုံးသို့ ဒုတိယ မေးခွန်းများစာရင်းနှင့်အတူ ပြန်လာကြသည်။ 

လူဦးရေစာရင်းကောက်ယူသူများက တစ်ကြိမ်စီတွင် ဘာသာစကား (၁၆) မျိုးဖြင့် မေးခွန်း (၂) ဒါဇင်ကျော် မေးမြန်းမှတ်တမ်းယူကြပြီး အဆင့် (၂) ဆင့်ဖြင့် လူဦးရေစာရင်းကောက်ယူမှုမှာ (၁၁) လကျော်ကြာမြင့်ကြောင်း သိရသည်။

 ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုအရ လူဦးရေစာရင်းကောက်ယူမှုအတွက် ရူပီး (၈၇.၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ) ကုန်ကျမည်ဟု ဆိုသည်။

Source: Reuters

Photo: REUTERS/Niharika Kulkarni, ALAMY