စင်ကာပူတွင် COVID-19 ကြောင့် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

စင်ကာပူတွင် COVID-19 ကြောင့် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

 စင်ကာပူနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသည့် အသက် (၁၂) နှစ်အောက်အရွယ် ဒုတိယလူနာတစ်ဦး ရှိလာခဲ့ကြောင်း သိရသည်။ 

စင်ကာပူနိုင်ငံတွင် Covid-19 ကြောင့် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ အသက်(၁၂)နှစ်အောက် ကလေးအရွယ် သေဆုံးမှုအဖြစ် ဒုတိယမြောက်ဖြစ်လာနေသည်။

အသက် (၄) နှစ်အရွယ် မိန်းကလေးတစ်ဦး ဇူလိုင်လ (၁၇) ရက်နေ့က COVID-19 ကြောင့် သေဆုံးခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန Ministry of Health (MOH) က ဇူလိုင်လ (၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုမိန်းကလေးမှာ ယခင်က ဆေးကုသမှုမှတ်တမ်းမရှိခဲ့ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ခဲ့ကြောင်း CNA သတင်းဌာန၏ မေးမြန်းမှုကို MOH က ပြောသည်။ 

သူမသည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ရောက်မှုလက္ခဏာများ ဖြစ်ပေါ်လာခဲ့ပြီး ဇူလိုင်လ (၁၅) ရက်နေ့တွင် ဖျားခဲ့ပြီးနောက် ဇူလိုင်လ (၁၇) ရက်နေ့က အထွေထွေရောဂါကုဆေးခန်းတစ်ခု၌ COVID-19 အမြန်စစ်ဆေးမှု antigen rapid test (ART) သုံးပြီး စစ်ဆေးကြည့်ရာ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရသည်။

မိန်းကလေးကို သူမ၏ ရောဂါလက္ခဏာများအတွက် သတ်မှတ်ဆေးဝါးများပေးခဲ့သော်လည်း နေမကောင်းဆက်ဖြစ်နေခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ဇူလိုင်လ (၁၇) ရက် ညပိုင်းတွင် လဲကျသေဆုံးသွားခဲ့ပြီး အလောင်းစစ်ဆေးမှုအရ COVID-19 ကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု MOH က ပြောသည်။

"ယေဘုယျအားဖြင့် ကလေးငယ်တွေက အရွယ်ရောက်ပြီးသူတွေနဲ့ သက်ကြီးရွယ်အိုတွေထက် COVID-19 ကို ခံနိုင်ရည်ရှိကြပါတယ်။ 

သို့သော်လည်း COVID-19 ကူးစက်ခံရမှုတွေက ကလေးများကြားမှာလည်း ရောဂါပြင်းထန်နိုင်ပါတယ်" ဟု MOH က ဖြည့်စွက်ပြောထားသည်။ 

MOH က အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် Pfizer-BioTech နှင့် Moderna ကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့် ထိရောက်မှုကို ဇွန်လအတွင်း လေ့လာခဲ့သည်ဟု ဆိုသည်။

ကလေးငယ်များအတွက် COVID-19 ကာကွယ်ဆေးများ ရှာဖွေနေကြောင်း MOH က ဇူလိုင်လ (၁၉) ရက် ထုတ်ပြန်ချက်တွင် ထပ်လောင်းပြောထားသော်လည်း အချိန်ကာလသတ်မှတ်ချက်ကိုမူ မဖော်ပြခဲ့ဟု ဆိုသည်။

စင်ကာပူတွင် ကူးစက်မှုလှိုင်းမှာ အထွတ်အထိပ် မဟုတ်ခဲ့ပါက ၎င်း၏အထွတ်အထိပ်အနီး ရောက်ရှိနေကြောင်း MOH ဝန်ကြီး Ong Ye Kung က ဇူလိုင်လ (၅) ရက်နေ့တွင် လွှတ်တော်ကို ပြောခဲ့သည်။ 

BA.4 နှင့် BA.5 ထပ်ဆင့်မျိုးကွဲများကြောင့် ကူးစက်မှုလှိုင်းက ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သော် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုလှိုင်းကဲ့သို့ ပြင်းထန်လိမ့်မည်မဟုတ်ကြောင်း အာဏာပိုင်တွေက အကဲဖြတ်ခဲ့သည်ဟု ဝန်ကြီးကဆိုသည်။

စင်ကာပူတွင် လူဦးရေ၏ (၉၃) ရာခိုင်နှုန်းမှာ COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးဖြစ်ကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးထားသည့်နှုန်းမှာ လူ (၄) ဦးတွင် (၃) ဦးအထက်ဖြစ်သည်။ 

အရှေ့တောင်အာရှနိုင်ငံများတွင် (၇) ရက်အတွင်း COVID-19 ပျမ်းမျှ ကူးစက်မှုများမှာ ဇူလိုင်လ (၁၈) ရက် နေ့လယ်ပိုင်းအထိ ကိန်းဂဏန်းများအရ ၉,၁၂၁ ခုသို့ မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်တစ်လတွင် ၃,၇၈၉ ခုမှ သိသာစွာ တိုးလာခဲ့ကြောင်းလည်း သိရသည်။

Source: CNA, Bloomberg