တာလီဘန်တို့ အုပ်စိုးနေသည့် အာဖဂန်တွင်  အဆိုးဆုံး ဆောင်းရာသီကို ကြုံနေရပြီး အအေးလွန်ကဲမှုကြောင့် သေဆုံးသူ (၁၆၀) ကျော်ရှိလာ

တာလီဘန်တို့ အုပ်စိုးနေသည့် အာဖဂန်တွင်  အဆိုးဆုံး ဆောင်းရာသီကို ကြုံနေရပြီး အအေးလွန်ကဲမှုကြောင့် သေဆုံးသူ (၁၆၀) ကျော်ရှိလာ
ဇန်နဝါရီ 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးဆုံး ဆောင်းရာသီကို ကြုံတွေ့နေရပြီး ယခု ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း အအေးဒဏ်ကြောင့် သေဆုံးခဲ့သူ (၁၆၀) ကျော်ရှိပြီဟု အာဏာပိုင်များက ဇန်နဝါရီလ (၂၆) ရက်တွင် ပြောသည်။ 

အပူချိန်များ အလွန်ကျဆင်းပြီး အေးခဲနေချိန်တွင် မီဖိုး၍ အပူဓာတ်ပေးရန် လောင်စာ မဝယ်နိုင်ကြဟု ဆိုသည်။

"ဇန်နဝါရီလ (၁၀) ရက်နေ့ ကတည်းကနေ အခုအချိန်အထိ အအေးလွန်ကဲမှုကြောင့် လူ (၁၆၂) ဦး သေဆုံးခဲ့ပါတယ်" ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Shafiullah Rahimi က ပြောသည်။ 

အအေးလွန်ကဲမှုကြောင့် သေဆုံးသူများအနက် (၈၄) ဦးခန့်မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

အာဖဂန်တွင် (၁၅) နှစ်အတွင်း အအေးဆုံး ဆောင်ရာသီကို ကြုံတွေ့နေရပြီး အပူချိန်များမှာ အနုတ် (၃၄) ဒီဂရီဆဲလ်စီးယပ်အထိ အနိမ့်ဆုံး ကျဆင်းခဲ့သည်။

အာဖဂန်ကို တစ်ကျော့ပြန် အုပ်ချုပ်နေသည့် တာလီဘန်စစ်သွေးကြွအုပ်စုက အမျိုးသမီး NGO ဝန်ထမ်းများကို အလုပ်လုပ်ခွင့် တားမြစ်ပိတ်ပင်ထားရာ အကူအညီပေးရေး အဖွဲ့အများအပြားမှာ လုပ်ငန်းများကို အပြည့်အဝ မလုပ်ဆောင်နိုင်ဘဲ ရပ်ဆိုင်းထားရသည်။ 

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များမှာ တာလီဘန်လက်အောက်ရှိ အာဖဂန်တွင် အကူအညီပေးရေး အစီအစဥ် အများအပြားကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဟု ဆိုသည်။

ထို့အပြင် တာလီဘန်တို့ အုပ်ချုပ်နေသည့် အာဖဂန်တွင် စီးပွားရေးအကျပ်အတည်း ကြုံနေရပြီး ပြည်သူလူထုမှာ မလွတ်လပ်မှုနှင့် စားဝတ်နေရေးကျပ်တည်းမှုများဖြင့် ရုန်းကန်နေကြရသည်။ 

အာဖဂန်မြို့တော် ကဘူးလ်မြို့၏ အနောက်ဘက်ရှိ နှင်းများဖုံးလွှမ်းနေသော ကွင်းပြင်တစ်ခုတွင် ကလေးများက မီးသွေး သို့မဟုတ် ထင်း မဝယ်နိုင်သည့် ၎င်းတို့၏ မိသားစုများအတွက် မီးဖိုရန် အမှိုက်များအတွင်း ပလတ်စတစ်ပစ္စည်းများကို ရှာဖွေနေကြသည်။

"ဒီနှစ် ရာသီဥတုက အရမ်းအေးတယ်။ ကျွန်တော်တို့ အနွေးဓာတ်အတွက် မီးဖိုဖို့ မီးသွေး မဝယ်နိုင်ဘူး" ဟု အသက် (၃၀) နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင် Ashour Ali က ပြောသည်။

 Ali က မိသားစုနှင့်အတူ ကွန်ကရစ် မြေအောက်ခန်းတစ်ခုတွင် နေထိုင်ရသူဖြစ်ပြီး ၎င်း၏ ကလေး (၅) ဦးမှာ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေကြသည်ဟု ဆိုသည်။ 

၎င်း၏ဈေးဆိုင်မှာ ဝင်ငွေအနည်းငယ်သာရှိပြီး လောင်စာမဝယ်နိုင်တော့ကြောင်း Ali က ဖွင့်ဟခဲ့သည်။ 

"ညဘက်ဆို အေးလွန်းလို့ ကလေးတွေ နိုးလာကြပြီး မနက်အထိ ငိုနေကြတယ်။ သူတို့အားလုံး နေမကောင်းကြဘူး။ အခုအချိန်ထိ ဘာအကူအညီမှ မရဘူး။ ကျွန်တော်တို့မှာ အချိန်အများစုက စားဖို့ ပေါင်မုန့် အလုံအလောက်မရှိကြဘူး" ဟု Ali က ၎င်းတို့၏အဖြစ်ကို ပြောသည်။

Source: Reuters

Photo: REUTERS/Ali Khara,