ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက် (၁၂၃) ဦးအထိ မြှင့်တက်လာ

Photo: Reuters
Photo: Reuters
ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက် (၁၂၃) ဦးအထိ မြှင့်တက်လာ
By Mr John

ဖိလစ်ပိုင်အလယ်ပိုင်း ဒေသများ တစ်လျှောက် အပူပိုင်းမုန်တိုင်းမက်ဂီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေကြီးမှုနှင့်အတူ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ဧပြီ (၁၄) ရက်နေ့အထိ စာရင်းများအရ (၁၂၃) ဦးအထိ မြှင့်တက်လာကြောင်း သိရသည်။

မြေပြိုမှုဖြစ်ခဲ့သည့် နေရာများတွင် ရှာဖွေကယ်ဆယ်ရေးကို စစ်တပ်အကူအညီဖြင့် လုပ်ဆောင်နေပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေမည်ဟု ဧပြီ (၁၄) ရက်တွင် စစ်တပ်က ကတိပြုခဲ့သည်။

 Reuters

မြေပြိုမှုများ ဖြစ်လေ့ရှိသည့် တောင်တန်းထူထပ်ရာ Leyte ပြည်နယ်အတွင်း Baybay မြို့တွင် လူ (၈၆) ဦး သေဆုံးခဲ့ပြီး (၂၃၆) ဦး ဒဏ်ရာရခဲ့ကြောင်း ထိုမြို့၏ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်သည်။

အခြား မတူညီသည့် ပြည်နယ်များတွင် လူသုံးဦး ရေနစ်သေဆုံးခဲ့ပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာက ပြောသည်။

"ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ အလောင်းပြန်ရရှိရေး လုပ်ငန်းတွေ ဆက်လုပ်ပါမယ်" ဟု Baybay မြို့ရှိ ဖိလစ်ပိုင်စစ်တပ်က Facebook တွင် ပြောထားသည်။

ဒေသဆိုင်ရာ အစိုးရထံမှ ကောင်းကင်ဓာတ်ပုံများနှင့် ဗီဒီယိုအရ တောင်စောင်းများတစ်လျှောက် မြေပြိုကျထားပြီး အုန်းပင်စိုက်ခင်းများနှင့် လူနေအိမ်များကို အညစ်အကြေးနှင့် ရွှံ့နွံများ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ နယ်မြေတစ်ခုတွင် ကယ်ဆယ်ရေးသမားတွေက မြေပြိုမှုဖြစ်ခဲ့သည့်နေရာသို့ ရာဘာလှေသုံးပြီး သွားရောက်ခဲ့ရသည်ဟု ဆိုသည်။

အပူပိုင်းမုန်တိုင်းမက်ဂီက ဖိလစ်ပိုင်ကို တစ်နာရီလျှင် မိုင် (၄၀) အထိဖြင့် ဧပြီ (၁၀) ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင် (၄၉) မိုင်အထိရှိသည့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခု မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်တွင် လူဦးရေ ၁၆၂,၀၀၀ ကျော် ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ကြရပြီး နောက်ထပ် လူဦးရေ ၄၁,၀၀၀ က ၎င်းတို့၏ ဆွေမျိုးများနှင့်အတူ နေထိုင်နေကြရကြောင်း အစိုးရအချက်အလက်တွေက ဖော်ပြထားသည်။ မက်ဂီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည့် ပထမဆုံး မုန်တိုင်းလည်း ဖြစ်လာသည်။

ကျွန်းဆွယ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကို နှစ်စဥ် မုန်တိုင်းအရေအတွက် (၂၀) ခန့် ဝင်ရောက်တိုက်ခတ်ကြောင်း သိရသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ဖိလစ်ပိုင်အလယ်ပိုင်းကို ပြင်းအားအဆင့် ၅ (category 5) ရှိ တိုင်ဖွန်းမုန်တိုင်း Rai ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ (၄၀၅) ဦး သေဆုံးပြီး ၁,၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းဟိုင်ယန် တိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၆,၃၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးသူ ၁,၇၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Source: Reuters

 

ဆက်စပ်သတင်း