ထိုင်းနိုင်ငံတွင် အတိုက်အခံများကို စောင့်ကြည့်ရန် spyware အသုံးပြုမှုအတွက် တက်ကြွလှုပ်ရှားသူများက ထိုင်းအစိုးရကို တရားစွဲ

Photo: Sakchai Lalit/AP
Photo: Sakchai Lalit/AP
ထိုင်းနိုင်ငံတွင် အတိုက်အခံများကို စောင့်ကြည့်ရန် spyware အသုံးပြုမှုအတွက် တက်ကြွလှုပ်ရှားသူများက ထိုင်းအစိုးရကို တရားစွဲ
ဖေဖော်ဝါရီ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အတိုက်အခံများကို စောင့်ကြည့်ရန် spyware နည်းပညာအသုံးပြုမှုအတွက် တက်ကြွလှုပ်ရှားသူများက အစိုးရကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။ 

ထိုင်းတွင် အစိုးရကို ယခုကဲ့သို့ တရားစွဲဆိုမှုမှာ ပထမဆုံးဖြစ်ပြီး spyware သုံးပြီး စောင့်ကြည့်မှုနှင့်ပတ်သက်၍ လူထုကြား နားလည်သဘောပေါက်စေရန်နှင့် တိုးမြှင့် စောင့်ကြည့်ခံရသော နိုင်ငံသားများကို ပိုမိုကာကွယ်ပေးရန် အကူအညီဖြစ်စေလိမ့်မည်ဟု တက်ကြွလှုပ်ရှားသူများက မျှော်လင့်ထားကြသည်။

၂၀၂၀-၂၁ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားသူများနှင့် ရှေ့နေများပါဝင်သည့် အနည်းဆုံး လူ (၃၀) ဦး၏ မိုဘိုင်းဖုန်းများကို hack လုပ်ရန် အစ္စရေးကုမ္ပဏီ NSO Group က ထုတ်လုပ်ထားသည့် Pegasus အမည်ရှိ spyware အသုံးပြုခဲ့မှုအတွက် ထိုင်းအစိုးရကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း အကျိုးအမြတ်အတွက်မဟုတ်သည့် ဥပဒေရေးရာအဖွဲ့ iLaw က ပြောသည်။

ယခုကဲ့သို့ အစိုးရစောင့်ကြည့်မှုကို အုပ်ချုပ်မှုဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အစိုးရဌာနများ သို့မဟုတ် အစိုးရအရာရှိများ ပါဝင်ကြောင်း iLaw မှ Yingcheep Atchanont က ပြောသည်။ 

၎င်းက Pegasus spyware ထုတ်လုပ်သည့် အစ္စရေးကုမ္ပဏီ NSO ကိုလည်း သီးခြား တရားစွဲဆိုထားကြောင်း သိရသည်။

"ဒါက ခက်ခဲတဲ့ အမှုတစ်ခုပါ။ ဒီ software ကို ဘယ်သူက ဝယ်ယူခဲ့တယ်ဆိုတာနဲ့ ဘယ်သူက ဖန်တီးထုတ်လုပ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားမရှိတာကြောင့် ဖြစ်ပါတယ်" ဟု အသက် (၃၆) နှစ်အရွယ် Yingcheep က ပြောသည်။ 

၎င်း၏ မိုဘိုင်းဖုန်းကို Pegauss spyware (၁၀) ကြိမ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့က တရားစီရင်ရေးစနစ်ကိုလည်း အယုံအကြည် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒါပဲရှိတယ်လေ။ တကယ်လို့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတယ်လို့ တရားရုံးက စီရင်ချက်ချရင်တောင် ဒါက အလွန်အရေးပါပါတယ်" ဟု Yingcheep က ၎င်း၏ရုံးတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း ပြောခဲ့သည်။

ထိုင်းအစိုးရ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာန နှင့် အစ္စရေးကုမ္ပဏီ NSO တို့က ယခုတရားစွဲဆိုမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို မတုံ့ပြန်ခဲ့ဟု ဆိုသည်။ 

NSO က ၎င်းတို့၏ နည်းပညာမှာ အကြမ်းဖက်သမားများ၊ ကလေးများကို လိင်အကြမ်းဖက်သူများနှင့် ကြမ်းတမ်းခက်ထန်သည့် ရာဇဝတ်ကောင်များကို ဖမ်းဆီးရာတွင် ကူညီရန် ရည်ရွယ်ကြောင်းနှင့် တရားဝင် အစိုးရများကို ရောင်းချခဲ့ကြောင်း ပြောထားသည်။

Source: Bangkok Post