မြန်မာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်များကျူးကျော်ပျံသန်းမှု ထိုင်းကို တရားဝင်တောင်းပန်ရမည်

ဓါတ်ပုံ -Mesot Media, เอก เกียรติศักดิ์ แม่สอด
ဓါတ်ပုံ -Mesot Media, เอก เกียรติศักดิ์ แม่สอด
မြန်မာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်များကျူးကျော်ပျံသန်းမှု ထိုင်းကို တရားဝင်တောင်းပန်ရမည်
By Tachileik News Agency

 မြန်မာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်များ ထိုင်းနယ်စပ်ကို ကျူးကျော်ပျံသန်းခဲ့မှုနှင့်ပတ်သက်၍ တရားဝင်တောင်းပန်စာပို့ရန် ဆွေးနွေးထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်ကို  လေကြောင်းတိုက်ခိုက်နေသည့် မြန်မာအာဏာသိမ်းစစ်တပ်၏ MiG 29 တိုက်လေယာဉ်တစ်စီး ဇွန်လ (၃၀)ရက်နေ့က ထိုင်းနိုင်ငံဘက်ကို ကျူးကျော်ပျံသန်းခဲ့သဖြင့် နယ်စပ်မှ ဒေသခံများကြောက်လန့်တကြားဖြစ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်ကင်းလှည့်ခြင်းကို တိုးမြှင့်ထားသည်ကို ထိုင်းနိုင်ငံသတင်းဌာနများက ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့က ဖေါ်ပြထားကြသည်ကိုလည်း တွေ့ရသည်။

ယင်းကဲ့သို့ ထိုင်းနယ်နမိတ်အတွင်း ကျူးကျော်ပျံသန်းမှုနှင့်ပတ်သက်၍ ယမန်နေ့က ကျင်းပခဲ့သည့် မဲခေါင်  လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်ဆွေးနွေးခဲ့ပြီးနောက် မြန်မာအာဏာသိမ်းအဖွဲ့က တရားဝင်တောင်းပန်စာပို့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံနှင့်နယ်စပ် မြန်မာဘက်ခြမ်းမှ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံဘက်ကို  ကျူးကျော်ကျရောက်မှုများဖြစ်ပွားပါက ထိုင်းနိုင်ငံဘက်ခြမ်းက မီးခိုးဗုံးများဖြင့် အချက်ပြပစ်ခတ်မှုလုပ်ရန်နှင့် ယင်းကဲ့သို့ အချက်ပြသည့်ကြားမှ ထပ်မံကျရောက်ခြင်း၊ ထိုင်းနယ်နမိတ်အတွင်းမှ ထိုင်းနိုင်ငံသားများကို ထိခိုက်ခြင်းများဖြစ်ပွားပါက ထိုင်းဘက်က ပြန်လည်ပစ်ခတ်မည်ဟု မြန်မာ - ထိုင်းနယ်ခြားကော်မတီမြို့နယ်အဆင့် သဘောတူညီမှုပြုလုပ်ထားသည်ဟုလည်း သိရသည်။

မြန်မာအာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများမှာ ထိုင်းနယ်စပ်ဘက်အထိ ကျရောက်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ထိုင်းဘက်ကလည်း ပြန်လည်ပစ်ခတ်မည်ဟု မကြာခဏသတိပေးမှုများ လုပ်နေသည်ကို တွေ့ရသည်။