မဲဆွယ်စည်းရုံးရေးဆင်းသည့် ဩစတြေးလျ ဝန်ကြီးချုပ်၏ လုံခြုံရေးအဖွဲ့ ကား တိမ်းမှောက်

Photo: ABC NEWS/MICHAEL BROOKS
Photo: ABC NEWS/MICHAEL BROOKS
မဲဆွယ်စည်းရုံးရေးဆင်းသည့် ဩစတြေးလျ ဝန်ကြီးချုပ်၏ လုံခြုံရေးအဖွဲ့ ကား တိမ်းမှောက်
By Mr John

ဩစတြေးလျရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဥ်အတွင်း ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၏ လုံခြုံရေးအဖွဲ့ လိုက်ပါလာသည့် ကားတစ်စီး တက်စ်မေးနီးယားပြည်နယ်တွင် တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာရသူတွေရှိကြောင်း သိရသည်။

ကားတိမ်းမှောက်မှုအတွင်း ဒဏ်ရာရခဲ့သည့် ရဲအရာရှိ(၄)ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရရှိသည့် ဒဏ်ရာအခြေအနေအရ အသက်အန္တရာယ်မစိုးရိမ်ရဟု ဆိုသည်။



ဝန်ကြီးချုပ်၏ လုံခြုံရေးအဖွဲ့ လိုက်ပါလာသည့်ကားမှာ နောက်ကားတစ်စီးနှင့် တိုက်မိခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားသည့် ယာဉ်အတွင်း၌ ဝန်ကြီးချုပ်မော်ရစ်ဆင်က ထိုကားထဲတွင် မရှိသော်လည်း ဧပြီ (၁၃) ရက်နေ့တွင် စီစဥ်ထားသည့် ၎င်း၏ မဲဆွယ်စည်းရုံးရေးပွဲများကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

ဒုတိယကားက လမ်းကြောင်းပြောင်းရန် ကြိုးပမ်းစဥ် လုံခြုံရေးအဖွဲ့ကား၏ ရှေ့ပိုင်းကို တိုက်ခဲ့မိရာမှ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း တက်စ်မေးနီးယားရဲတပ်ဖွဲ့က ဆိုသည်။

ကားတိမ်းမှောက်မှုကြောင့် တက်စ်မေးနီးယား ရဲအရာရှိနှစ်ဦးနှင့် ဩစတြေးလျ ပြည်ထောင်စုရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နှင့် တစ်ဖက်ယာဉ်တွင် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။  



"မိသားစုဝင်တွေကို ဆက်သွယ်ထားပြီး သူတို့ရဲ့ အခြေအနေ အသိပေးနေပါတယ်။ လုံခြုံရေးအဖွဲ့က အကာအကွယ်ပေးမှုအတွက် ဝန်ကြီးချုပ်က အမြဲတမ်း အလွန်ကျေးဇူးတင်ပြီး သူတို့တွေ ပြန်လည်ကျန်းမာလာစေဖို့နဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဝန်ကြီးချုပ်က ဆုမွန်ကောင်းတောင်းပါတယ်" ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩစတြေးလျရွေးကောက်ပွဲကို လာမည့် မေလ (၂၁) ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး ၎င်း၏ ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအဖွဲ့က အနိုင်ရရှိမည်ဟု ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် မော်ရစ်ဆင်က ယုံကြည်ထားသည်။ ဝန်ကြီးချုပ်မော်ရစ်ဆင်၏ အာဏာရပါတီက ဩစတြေးလျလွှတ်တော်တွင် အမတ်နေရာ ၇၆ နေရာရှိထားပြီး ထိုအရေအတွက်က အစိုးရဖွဲ့နိုင်သည့် အနည်းဆုံး အရေအတွက်လည်း ဖြစ်သည်။



စစ်တမ်းတွေအရမူ လက်ရှိ ဒုတိယဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ ဦးဆောင်သည့် အတိုက်အခံ လေဘာပါတီက ရွေးကောက်ပွဲအနိုင်ရနိုင်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲပြီးလျှင် ဩစတြေးလျတွင် အစိုးရအပြောင်းအလဲတစ်ရပ် ဖြစ်လာမည်ဟုလည်း စစ်တမ်းများက ဆိုသည်။

သို့သော် မော်ရစ်ဆင်ကတော့ ၂၀၁၉ ခုနှစ်တွင်လည်း အလားတူ စစ်တမ်းများ၏ ခန့်မှန်းချက်နှင့်ကွဲလွဲပြီး ၎င်းတို့ အနိုင်ရခဲ့ကြောင်း ထောက်ပြခဲ့သည်။

လာမည့် ဩစတြေးလျရွေးကောက်ပွဲတွင် စီးပွားရေးကဏ္ဍ၊ ရာသီဥတုပြောင်းလဲမှုနှင့် ယုံကြည်မှုတို့က အဓိက အကြောင်းအရာများ ဖြစ်နေသည်ဟု သိရသည်။



Source: BBC